မြောက်ဒဂုံ ဆန္ဒပြပွဲဖြိုခွင်းမှု အနည်းဆုံး ၁ ဦး သေဆုံး

မြောက်ဒဂုံမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားသည့် ဆန္ဒပြလူငယ်။

(Unicode/Zawgyi)




----------

(Zawgyi)

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ၃၅ ရပ်ကွက် ဗိုလ်မင်းရောင်လမ်းထိပ်နားမှာ ပြည်သူ ၁၀၀ ကျော် ဆန္ဒပြနေစဉ် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကျည်ထိမှန်လို့ အမျိုးသားတဦး ခေါင်းထိမှန် သေဆုံးခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်လောက်မှာ မြောက်ဒဂုံဘက်မှာရှိနေတဲ့ ဆန္ဒပြနေတာကို ဖြိုခွင်းဖို့ လုပ်တာဖြစ်ပါတယ်။ ပထမအသံဗုံးနဲ့စပစ်ခတ်တာကြောင့် ဆန္ဒပြသူတွေက နောက်ကိုဆုတ်နေချိန်မှာ သေနတ်စတင် ပစ်ဖောက်လိုက်တာဖြစ်ပြီး သေနတ် ၂ချက်ဖောက်တာမှာတချက်က ဒိုင်းကာနေသူကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ပစ်ခတ်မှုကြောင့်ဆန္ဒပြပြည်သူတွေ လူစုကွဲသွားခဲ့တယ်လို့ ကနဦးသိရပါတယ်။ ထိခိုက်ဒဏ်ရာရသူ ကိုဆေးရုံပို့စဉ် အသက်ဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုမှာထိခိုက်သေဆုံးသူဟာ ခန့်မှန်းခြေ အသက် ၂၇ နှစ်ဝန်းကျင်သာရှိပြီး အသေးစိတ် အချက်အလက်တွေကို ဆက်လက် စုံစမ်းနေဆဲပါ။ သူက ဆန္ဒပြသူတွေအတွက် အကာအကွယ်ပေးတဲ့ အဖွဲ့ဝင်ဖြစ်ကာဒိုင်းကာသူတဦးလို့ ဒေသခံတွေကပြောပါတယ်။

နောက်ထပ် ဒဏ်ရာရသူတွေ ရှိတယ်ဆိုတဲ့ သတင်းတွေရပေမယ့် ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဗွီအိုအေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။