ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မြောက်ဘက်က နယ်ခြားစောင့်စခန်းလေးခုကို ဒီကနေ့ လွတ်လပ်ရေးနေ့ မနက်ပိုင်းမှာ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA က ဝင်တိုက်တယ်လို့ AA ဘက် ကရော တပ်မတော်ဘက်ကပါ အတည်ပြုပါတယ်။ အဲဒီနောက်မှာ တပ်မတော်ဘက်က လေကြောင်း အထောက်အကူယူပြီး ပြန်တိုက်ခိုက်တယ်လို့ ဒေသခံတွေကပြောပေမယ့် တပ်မတော်ဘက်ကတော့ အဲဒီကိစ္စကို အတည်ပြုချက် မပေးသေးပါဘူး။ ၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခန်းအနားတွေ နိုင်ငံတဝန်းကျင်းပနေချိန်မှာပဲ ဘူးသီးတောင်ဘက်မှာတော့ စစ်ရေးအခြေအနေ တင်းမာနေဆဲပါ။ ဒီအကြောင်း ဗွီအိုအေ ထိုင်း အခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
နယ်ခြားစောင့်ရဲစခန်းတွေကို AA က လွတ်လပ်ရေးနေ့ မနက်ဘက်မှာ ဝင်တိုက်တယ်ဆိုတာကို တပ်မတော်၊ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ဒုတိယ ညွှန်ကြား ရေးမှူး၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုအတည်ပြုပြောဆိုပါတယ်။
“မနက် (၄) နာရီခွဲ (၅) နာရီလောက်က ကျနော်တို့ရဲကင်းစခန်း (၄) ခုကို AA ဝင်တိုက်တယ်ခင်ဗျ။ နေရာက ကျောင်းတောင်ကထိလှ၊ ငမြင်းဘော်က ဘူးသီးတောင်ရဲ့မြောက်ဖက် မောင်တောရဲ့ အရှေ့မြောက်မှာသွားကျတာပေါ့။ အဲဒီ ဟာတွေကနယ်စပ်စခန်းတွေမဟုတ်ဘူး။ အတွင်းပိုင်း နည်းနည်းကျနေတယ်။ ကျနော်ထိခိုက်မှုအခြေအနေ စခန်းတွင်းအခြေအနေ အဲဒီဟာတွေ မသိရ သေးဘူး။ ကျနော်တို့ဘက်က သိသိချင်းပဲ လိုက်ပါတယ်။ စစ်ကူပေးဖို့တော့လိုက်ပါတယ်။ အဲ လိုက်သွားတဲ့အဖွဲ့တွေနဲ့ နည်းနည်းထိတွေ့မှုဖြစ်နေတယ်ဗျ။ အဲဒီလောက်ပဲ ကျနော်ပြောနိုင်တယ်။”
အဲဒီလို တိုက်ခိုက်လာတဲ့ ရခိုင့်လက်နက်ကိုင်အဖွဲ့ကို တပ်မတော်စစ်ကြောင်းကနေ လိုက်လံရှင်းလင်း နေပြီး ထိခိုက်မှုအခြေ အနေကို မသိရသေးဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုပါတယ်။
AA ဘက်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခြေအနေကိုတော့ အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက အခုလိုပြောပါတယ်။
“ဒီမနက်မှာတော့ ဘူးသီးတောင်မြို့ရဲ့မြောက်ဖက်မှာ အဲဒီတိုက်ပွဲတွေဖြစ်နေတယ်ဗျ။ အဲဒီမှာရှိတဲ့ နယ်ခြားစောင့် စခန်း (၄) ခုကို ကျနော်တို့ရခိုင့်တပ်မတော်ဘက်က သွားတိုက်ခိုက်တာရှိတယ်။ အဲဒီမှာ ရန်သူ့အလောင်းက (၇) လောင်းရထားတယ်။ အဲဒီမှာ သုံ့ပန်းက (၁၄) ယောက် ဖမ်းမိ ထားတာ ရှိတယ်။ စခန်းကိုကျနော်တို့သွားပြီးရှင်းတဲ့အချိန်မှာ ဖမ်းမိထားတယ်ဗျ။ လက်နက် (၂၀) ကျော် ကျနော်တို့ဘက်ကသိမ်းဆည်းရထားတာရှိတယ်။”
ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာ မြန်မာရဲတပ်ဖွဲ့ဘက်က ထိခိုက်ကျဆုံးဆုံးရှုံးမှုများခဲ့တယ်လို့ ရခိုင့် တပ်မတော် ဘက်က ပြောဆိုပေမယ့် သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ တိုက်ပွဲဖြစ်ပွါးရာ ကျေးရွာဘက် ကို မြန်မာ့တပ်မတော်ကနေ ရဟတ်ယာဉ်နဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ခိုင်သုခက ဆက်ပြောပါတယ်။
“တိုက်ပွဲဖြစ်တဲ့နားက ဖြစ်တဲ့စခန်းနဲ့ဘာမှမဆိုင်တဲ့ အဲဒီ ကထိလှရွာကို ဒီဗမာ့တပ်မတော်ဘက်က နေပြီးတော့မှ ဒီကနေ့မနက် (၇) နာရီလောက်မှာလာပြီးတော့မှ သူတို့ဗုံးကြဲတိုက်ခိုက်သွားတာရှိတယ်။ ဟယ်လီကော်ပတာ နှစ်စင်းနဲ့လာပြီးဗုံးကြဲတိုက်ခိုက်သွားတယ်။ အဲဒီတိုက်ပွဲဖြစ်ပွါးတဲ့နေရာကို အင်အားတွေ ထပ်ပြီးတော့ အများကြီးတက်လာ တာရှိတယ်။ တိုက်ပွဲကတော့ဖြစ်နေတုန်းဘဲဗျ။”
ဘူးသီးတောင်မြို့နယ် တောင်ဘဇာကျေးရွာအုပ်စု ကထိလှကျေးရွာသူတဦးကတော့ တိုက်ပွဲကြောင့် ပျက်စီးသွား တဲ့ရွာရဲ့ အခြေအနေအကြာင်းအခုလိုပြောပါတယ်။
“ပြောမယ်ဆို ရွာကအိမ် (၇) ဆောင် မီးလောင်သွားတယ်။ လေယာဉ်ချင်းပစ်လို့မီးလောင်သွားတာပါ။ ပြေးတာကဒီ စာသင်ကျောင်းကိုပြေးသွားတာပါအကုန်လုံးကို”
ကထိလှရွာကို လေယာဉ်နဲ့ပစ်ခတ်ခဲ့လို့ ရွာသားတွေအနေနဲ့ကြောက်လန့်ပြီး စာသင်ကျောင်းမှာ ခိုလှုံနေတယ်လို့ သူမက ပြောပါတယ်။
ကြာသာပတေးနေ့ကလည်း ရသေ့တောင်မြို့နယ်မြောက်ပိုင်း၊ သက်ပေကျရွာအနီးမှာ မြန်မာ့ တပ် မတော်နဲ့ ရခိုင့်တပ်မတော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ သက်ပေကျရွာ စစ်ဘေးရှောင် စခန်း ထဲ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ခမီးလူမျိုးရွာသား ၄ ဦး ဒဏ်ရာရရှိခဲ့ ပါတယ်။
၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၁၉ နှစ်ဆန်းသောကြာနေ့အထိတော့ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ကျောက်တော်မြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ် မတော် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်း ထန်စွာဖြစ်နေတာပါ။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် လက်ရှိစစ်ရှောင်ဦးရေ (၃၀၀၀) ခန့် ရှိနေပြီးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက စာရင်းပြုစုထားပါတယ်။
ဒီစစ်ဘေးရှောင်တွေကို ဒေသဆိုင်ရာလူမှုအကူညီရေးအဖွဲ့တွေ ရခိုင်နိုင်ငံရေးပါတီတွေကနေ အကူညီ ပေးနေကြပြီး အဖြစ်များရာ ကျောက်တော်မြို့နယ်က သလူးချောင်းနဲ့ယိုးချောင်းဒေသ အထက်ပိုင်း ကို ရိက္ခာ အကူညီပေးဆောင်သွားဖို့ကိုတော့ တပ်မတော်ကနေ ပိတ်ပင်တားဆီးနေတာကြောင့် စား နပ် ရိက္ခာအခက်ခဲဖြစ်နေတယ်လို့ ကျောက်တော်မြို့နယ်အကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
မြန်မာ့တပ်မတော်အနေနဲ့က NCA လက်မှတ်ထိုးအပစ်ရပ်အဖွဲ့ရော NCA လက်မှတ်မထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ (၄) လ အပစ်ရပ်ထားမယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပေမဲ့လို့ လက်ရှိ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5