မောင်တောမြို့နယ်က စစ်ကောင်စီစခန်းတွေကို ထိန်းချုပ်လိုက်ကြောင်း AA အဖွဲ့ကြေညာ

ရခိုင်ပြည်နယ်တိုက်ပွဲတွေအတွင်း စခန်းတချို့ သိမ်းဆည်းရမိကြောင်း AA ထုတ်ပြန်သည့် မှတ်တမ်းပုံများ

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေအားလုံးကို ထိန်းချုပ်လိုက်ကြောင်း အာရက္ခတပ်တော် (AA) အဖွဲ့က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ နောက်ဆုံးကျန်နေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းကို တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နောက်ဆက်တွဲ ရှင်းလင်းမှုတွေကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့လည်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေအပြင် အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဆိုတဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နတ်မြစ်ထဲမှာ အများပြည်သူ ရေကြောင်းသွားလာမှုတွေကို တားမြစ်လိုက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမ်း၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ရခိုင်ပြည်နယ်က စစ်ရေး နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာတာနဲ့အမျှ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်နေတဲ့အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။

အထူးသဖြင့် ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ရဲ့ ရခိုင်ပြည်နယ်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် သိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေဟာ အခုနောက်ထပ် အဆိုးဆုံး ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။