ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွား

၄-၁-၂၀၁၉ ရက်နေ့တွင် AA အဖွဲ့မှ ရဲကင်းစခန်း ၄ ခုအားအကြမ်းဖက်ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ (MOI)

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်းတခုကို ဒီနေ့မနက်မှာ ရခိုင် တပ်မတော် AA ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလိုဖြစ်ပွါးတဲ့ တိုက်ပွဲအတွင်း ကျေးရွာဘက်ကို လက် နက်ကြီး ကျည်တွေကျရောက်ပြီး စိုးရိမ်မှုနဲ့ တိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။ ထိုင်း အခြေစိုက် ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရခိုင်ပြည်နယ်အတွင်း ဒီကနေ့မနက်မှာလည်း မြန်မာ့ တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့ အကြား ဘူးသီးတောင်မြို့နယ် ရေပုပ်နဲ့ကျောက်တန်း ရွာ အကြားတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ရေပုပ်ကျေးရွာသား တဦးကပြောပါတယ်။

“ဒီနေ့မနက် (၆) နာရီထိုးပြီးကတည်းကပေါ့နော်။ အဲဒီရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနားကို စစ်တပ်က အင်အား (၁၅၀) လောက်ရှိတဲ့ စစ်တန်းတခုက ကျေးရွာနားကိုရောက်တယ်ပေါ့လေနော်။ အဲဒီအချိန်မှာ ပြီးခဲ့တဲ့နေ့ကတည်းက ပစ္စည်းတွေ သွားပို့ပေးတဲ့ ဟိုက်ဂျက်ကားတစီးကို AA လှုပ်ရှားတဲ့အဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ ပြောပါတယ်။ အဲဒီကားကို ရေပုပ်ချောင်းကျေးရွာအနီးနားတောစပ်မှာတွေ့တာပေါ့နော်။ စစ်တပ်ကနေပြီးတော့ အဲဒီကားကိုသွားဝိုင်းတာ သွားဝိုင်းတဲ့အချိန်မှာ မိုင်းကွဲတာပေါ့။ မိုင်းကွဲတော့ (၁၅) ဦးလောက် ကျလိမ့်မယ်လို့ ပြောပါတယ်။”

ဒီတိုက်ပွဲဖြစ်ပွါးအပြီးတပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ရွာသားတွေကို လမ်းပြအဖြစ် ခေါ်ယူအသုံးပြုခဲ့သလို လက်နက်ကြီးတွေနဲ့ ပစ်ခတ် မှုကြောင့် ရေပုပ်ကျေးရွာသားတွေ နေရပ်ကနေ တိမ်းရှောင် နေရတယ်လို့ တခြားကျောက်တန်းရွာသားတဦးကပြောပါတယ်။

“လမ်းပြဖို့ဆိုပြီးတော့ (၃) ယောက်လောက်ခေါ်သွားတယ်လို့ပြောပါတယ်။ အခုတော့ပြန်ရောက်နေပါပြီ။ စိုးရိမ်မှု တွေ ရွာတွေအပေါ်တွေ လက်နက်ကြီးတွေ ကျတယ်လေ။ ရေပုပ်ရွာမှာဆိုရင် လက်နက်ကြီးတွေ အစအနတွေကျ တယ်။ အဲဒီရွာတွေ ကိုကျော်ပြီးတော့ အဲဒီလက်နက်ကြီးတွေနဲ့ထုတယ်။ လူတွေကြောက်လန့်ပြီးတော့ လုံခြုံတဲ့ နေရာကို ထွက်ပြေးကြတာပေါ့။”

ဒီကနေ့ဖြစ်ပွါးတဲ့တိုက်ပွဲအခြေအနေကို မသိရှိရသေးပေမယ့် ဇန်နဝါရီ (၃၀) ရက်နေ့မှာ ချင်းပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွါးခဲ့တဲ့အခြေအနေကိုတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဗွီအိုအေကိုအခုလိုပြောပါတယ်။

“ကျနော်တော့မသိရသေးဘူးခင်ဗျ။ အတည်ပြုလို့မရသေးပါဘူးခင်ဗျ။ AA အဖွဲ့နဲ့ ကျနော်တို့ ထိတွေ့မှု အခြေ အနေက (၃၀) ရက်နေ့မှာတော့ ထိတွေ့မှုရှိပါတယ်။ အဲဒီ ပလက်ဝဘက်အခြမ်းမှာပါပဲ။ နှစ်ဖက်ထိခိုက်မှု အခြေအနေတော့ ရှိပါတယ်။”

၂၀၁၈ နိုဝင်ဘာလကုန်ကနေ ၂၀၁၉ ဒီကနေ့အထိမြန်မာ့တပ်မတော်နဲ့ ရခိုင် တပ်မတော်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွါးနေခဲ့တာပါ။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ တရုတ်အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်း ကော်ရှန်းနဲ့ ရခိုင်တပ်မတော်အပါအဝင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုမှာ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေနဲ့ပက်သက်လို့ ရခိုင့်တပ်မတော် ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။

“အဓိကဆွေးနွေးတဲ့အကြောင်းအရာတွေကတော့ ဗမာစစ်တပ်ဘက်ကနေ ဒီဇင်ဘာ (၂၁) ရက်နေ့ ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း အခု ဗမာစစ်တပ်ရဲ့စစ်ရေး လှုပ်ရှား မှု အခြေအနေတွေပေါ့။ အထူးသဖြင့်တော့ ဒီရှမ်းမြောက်နဲ့ ရခိုင်ပြည်ရဲ့ အခြေ အနေ ပေါ့လေ။ တရုတ်အစိုးရဘက်ကတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်တယ်။ နောက် တခုက ကိုးကန့်ရယ်၊ ရခိုင်ရယ်၊ တအာင်းအဖွဲ့ တဖွဲ့ချင်းစီရဲ့လက်ရှိအခြေအနေ တွေပေါ့လေ။ အဲဒီ ကိစ္စတွေ ကိုလည်း ဆွေးနွေးဖြစ်တယ်။ ရခိုင်ပြည်တွင်းမှာ ဗမာ စစ်တပ်ရဲ့ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အခြေအနေတွေပေါ့နော်၊ အဲဒီကိစ္စမှာ နောက်ထပ်ဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ ဥစ္စာတွေ ဆွေးနွေးဖြစ်တယ်ပေါ့အဓိက။”

တရုတ်အထူးကိုယ်စားလှယ်နဲ့ ရခိုင့်တပ်မတော် AA၊ တအာင်းပလောင်အဖွဲ့ TNLA၊ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေက သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ မှာ ကချင်လွှတ်လပ်ရေးအဖွဲ့ KIO နဲ့ တရုတ်နိုင်ငံ အထူး ကိုယ်စားလှယ်တို့ ကချင်ပြည် နယ် မိုင်ဂျာယန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီဇင်ဘာ (၂၁) ရက်နေ့က တပ်မတော်ကနေပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်မှာတော့ လက်ရှိစစ်မက်ဖြစ်ပွါးနေတဲ့ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ် ပိုင်းတိုင်း၊ တြိဂံတိုင်းစတဲ့ စစ်တိုင်း ၅ ခုမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေရပ်ဆိုင်းထားမယ်လို့ ကြေညာထားပေမယ့် ရခိုင်ပြည်နယ်ဘက်တော့မပါရှိပါဘူး။

ဇန်နဝါရီ (၄) ရက်နေ့က ဘူးသီးတောင် မောင်တောနယ်စပ်မှာရှိတဲ့ နယ်ခြားစောင့်ရဲ ကင်းစခန်း (၄) ခုကို ရခိုင့်တပ်မတော် AA ကနေ ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း မြန်မာအစိုးရကနေ AA ကို ချေမှုန်းသွားဖို့ ညွှန်ကြားထားသလို ဒေသအတွင်း တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်ပွါးလာနေခဲ့ပါတယ်။

Your browser doesn’t support HTML5

ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်ပွား