မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်း ကန်လွှတ်တော် အတည်ပြုရေး တက်ကြွလှုပ်ရှားသူတွေ ကြိုးပမ်း

အမေရိကန်လွှတ်တော်

မြန်မာစစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားထိထိရောက်ရောက် အရေးယူမယ့် Burma Bill မြန်မာဥပဒေမူကြမ်းသစ်ကို အမေရိကန်လွှတ်တော်မှာ အမြန်ဆုံး ပြဌာန်းရေး မြန်မာ့အရေးလှုပ်ရှားနေသူတွေ မျှော်လင့်နေကြပါတယ်။

Burma Bill မှာ ဘယ်အချက်တွေပါဝင်နေသလဲ၊ အမြန်ဆုံးပြဌာန်းနိုင်ရေး ဘာကြောင့်အရေးကြီးနေသလဲ၊ ဦးဆောင်လှုပ်ရှားနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Campaign for a New Myanmar အဖွဲ့ အကြံပေး Mike Haack ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Burma Bill မြန်မာဥပဒေမူကြမ်းသစ်ကို မေရီလန်းပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် Ben Cardin နဲ့ နယူးရောက်ပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Gregory Meeks တို့ ရေးဆွဲနေကြပါတယ်။ ဒီမူကြမ်းကို အမြန်ဆုံး အထက်လွှတ်တော်မှာ တင်သွင်းပြီး ပြဌာန်းနိုင်ရေး မြန်မာ့အရေးလှုပ်ရှားနေသူတွေက ဖိအားပေးနေကြပါတယ်။ ဒီကနေ့ ကြာသာပတေးနဲ့ မနက်ဖြန် သောကြာကို Burma Lobbying Day မြန်မာ့အရေးအမေရိကန်လွှတ်တော်မှာ လှုပ်ရှားတဲ့နေ့အဖြစ် သတ်မှတ်ပြီး သက်ဆိုင်ရာ လွှတ်တော်အမတ်တွေနဲ့ အွန်လိုင်းတွေ့ဆုံပွဲတွေလုပ်ပြီး တိုက်တွန်းနေပါတယ်။

မြန်မာပြည်သူတွေအတွက် နောက်ထပ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီနဲ့ အထောက်အပံ့တွေအပါအဝင် မြန်မာစစ်တပ်အနေနဲ့ တာဝန်ခံမှုရှိစေရေး ပိုမို ဖိအားပေးဖို့ အချက်တွေပါဝင်တဲ့ Burma Bill ကို အမေရိကန်လွှတ်တော်မှာ အမြန်ဆုံးပြဌာန်းရေး ဘာကြောင့်အရေးကြီးနေပါသလဲ။ ဦးဆောင်လှုပ်ရှားနေတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Campaign for a New Myanmar အဖွဲ့ အကြံပေး Mike Haack ကို မေးကြည့်ပါတယ်။

ဖြေ။ ။ အထက်လွှတ်တော်အမတ် Cardin တို့ရေးဆွဲနေတဲ့ ဒီဥပဒေမူကြမ်းကို အမြန်ဆုံး ပြဌာန်းစေချင်တဲ့ အကြောင်းအရင်းကတော့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ တိုးစေဖို့၊ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကဏ္ဍအချို့ကို ပံံ့ပိုးပေးနိုင်ဖို့ ဖြစ်ပါတယ်။ အဓိကအရေးကြီးဆုံးကတော့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE အပေါ်မှာ တိုက်ရိုက်ပိတ်ဆို့အရေးယူရေးဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒန်အစိုးရအဖွဲ့အနေနဲ့ မြန်မာစစ်တပ်နဲ့ ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းအတော်များများကို ပိတ်ဆို့အရေးယူထားပြီးပါပြီ။ ဒါပေမဲ့ MOGE အပေါ်မှာ ပိတ်ဆို့အရေးယူဖို့ ကျန်နေပါတယ်။ အားလုံးသိတဲ့အတိုင်း ရေနံနဲ့ သဘာဝဓါတ်ငွေကနေ မြန်မာစစ်တပ်အတွက် အကြီးဆုံးဝင်ငွေရနေတာပါ။ ဒါကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရေး သမ္မတဘိုင်ဒန်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ လွှတ်တော်ကနေ ဒီဥပဒေမူကြမ်းကို ကျနော်တို့ ပြဌာန်းစေချင်ပါတယ်။

အင်ကြင်းနိုင်။ ။ ဒါဆိုရင် ဒီဥပဒေမူကြမ်းကို တင်သွင်းဖို့ နောက်ပြဌာန်းမယ့်အရေး ဘာကြောင့် ဒီလောက်ကြာနေတာလဲ။

Mike Haack ။ ။ ကျနော်အနေနဲ့ ပြောရမယ်ဆိုရင် အထက်လွှတ်တော်အမတ်တွေအနေနဲ့ အမေရိကန်မှာရှိနေတဲ့ လူတွေဆီကနေ အသံတွေ လုံလုံလောက်လောက်မကြားသေးတာကြောင့်လို့ မြင်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ အခုလို လွှတ်တော်ကို ဖိအားပေးတဲ့ လှုပ်ရှားမှုနေ့အဖြစ်သတ်မှတ်ပြီး လုပ်ဆောင်နေကြတာပါ။ အမေရိကန်မှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းတွေဟာ ပြည်နယ်အနှံ့အပြားမှာ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ အလွန်ပဲတက်ကြွပါတယ်။ ဒါပေမဲ့ လွှတ်တော်ကနေ ဆောင်ရွက်ဖို့၊ လွှတ်တော်အမတ်နဲ့ အရာရှိတွေကို တွန်းအားပေးဖို့ ဆိုတဲ့ အပိုင်းမှာ ကျနော်တို့ အခုမှ အောက်ခြေကနေ ဆောင်ရွက်နေပါတယ်။ တော်တော်များများ သက်ဆိုင်ရာပြည်နယ်တွေအလိုက် စည်းရုံးလှုပ်ရှားမှုတွေရှိနေပြီလို့ ကျနော်တို့ ကြားရပါတယ်။ ကံကောင်းလှစွာပဲ အမေရိကန်နိုင်ငံတဝှမ်း နေထိုင်တဲ့ မြန်မာလူမျိုး နှစ်သိန်းလောက်ရှိနေပါတယ်။ သူတို့က ပြည်နယ်တိုင်းမှာရှိနေတာပါ။ ဒါကြောင့် အောက်ခြေကနေ သက်ဆိုင်ရာ ပြည်နယ်အမတ်တွေကို မြန်မာ့အရေး ဆောင်ရွက်ရေး ဖိအားပေးဖို့ ကျနော်တို့ စည်းရုံးလှုပ်ရှားနေပါတယ်။

အင်ကြင်းနိုင် ။ ။ အခုလို အမေရိကန်လွှတ်တော်မှာ မြန်မာ့အရေးလှုပ်ရှားမှုနေ့ ကနေ ဘာတွေ မျှော်လင့်ထားသလဲ။

Mike Haack ။ ။ လူအများအပြားစုဝေး လုပ်ဆောင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ အစောပိုင်းကပဲ နယူးရောက် အထက်လွှတ်တော်အမတ်တွေရဲ့ ရုံးကတာဝန်ရှိသူတွေနဲ့ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ မနက်ဖြန်မှာတော့ Georgia California Pennsylvania စတဲ့ ပြည်နယ်တွေက လွှတ်တော်အမတ်ရုံးတွေနဲ့ ဆွေးနွေးဖို့ရှိသလို အခြား တန်းစီးထားတဲ့ ပြည်နယ်တော်တော်များများလည်း ရှိနေပါတယ်။ အခုချိန်ထိ သိရသလောက် အထက်လွှတ်တော်အမတ် ၂၀ ဦးလောက်က သူတို့ရုံးတွေက မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ရှိပါတယ်။ အရေးကြီးဆုံးက အထက်လွှတ်တော်အမတ်တွေရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေးတွေနဲ့ တွေ့ဆုံဖို့ဖြစ်ပြီး သူတို့ရဲ့ တုန့်ပြန်ချက်တွေလည်း ရထားပါတယ်။ အခု Burma Bill ကို ဦးဆောင်ရေးဆွဲတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ရုံးတွေကနေ ပြောပြချက်အရဆိုရင် အခြားအထက်လွှတ်တော်အမတ်တွေက ဒီဥပဒေကြမ်းကို ဘယ်တော့တင်သွင်းမလဲ၊ ဘာတွေကူညီပေးရမလဲဆိုပြီး ဖိအားပေးနေကြတယ်လို့ ကျနော်တို့ ကြားရပါတယ်။ ဒါကြောင့် အခုလို မြန်မာ့အရေး အမေရိကန်လွှတ်တော်မှာ လှုပ်ရှားတဲ့နေ့ကနေ ပိုမို ဖိအားပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာဥပဒေကြမ်း ကန်လွှတ်တော် အတည်ပြုရေး တက်ကြွလှုပ်ရှားသူတွေ ကြိုးပမ်း









