၂၀၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၆.၃% တိုးတက်ခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ် ADB က ပြောလိုက်တဲ့အပြင် အနာဂတ်တိုးတက်မှုအလားအလာပေါ်မှာလည်း အများအားဖြင့် အကောင်းမြင် ခန့်မှန်း ထားပါတယ်။ အရင် ခန့်မှန်းချက်တွေမှာလိုပဲ စိန်ခေါ်မှုတွေ ရှိနေသေးတာကို ADB ရဲ့ မကြာသေးခင်က အစီရင်ခံစာအသစ်မှာ ထပ်ပြီး သတိပေးထားသလို မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာသူတစ်ဦးကလည်း အဲဒီစိန်ခေါ်ချက်တွေကို ကျော်လွှားဖို့ လိုတယ်ဆိုတာ ထောက်ပြပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကမောင်းနှင်အားတွေနဲ့ ကျော်လွှားရမယ့် စိန်ခေါ် မှုတွေအကြောင်း ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေးအလားအလာဟာ ဆယ်စုနှစ်များစွာအတွင်း အတောက်ပဆုံး အခြေအနေမှာ ရောက်နေတယ်လို့ အခိုင်အမာ ပြောလိုက်သူကတော့ ADB ရဲ့ စီးပွားရေးပညာရှင်ချုပ် ချန်ယောင် ရီး (Changyong Rhee) ပါပဲ။ ရင်းနှီးမြှုပ်နှံမှု တွေ၊ ပြည်ပတင်ပို့တာတွေ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေးအပေါ် အကောင်းမြင်ချက် အားလုံးဟာ အတက်ပြနေ တယ်လို့ ချန်ယောင် ရီးက ဆိုပါတယ်။
မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ အရှေ့တောင်အာရှဒေသ ASEAN နိုင်ငံတွေမှာ သယံဇာတ ထုတ်ကုန်တွေနဲ့အတူ ကုန်ထုတ်လုပ် မှုတိုးတက်လာတာမို့ အာရှဒေသစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာမှာ ASEAN နိုင်ငံတွေက အဓိကကျတယ်လို့ မစ္စတာရီးက သုံးသပ်ပါတယ်။
“အင်ဒိုနီးရှားနိုင်ငံက ၆% ကျော် သိသိသာသာ တိုးလာသလို၊ ဖိလစ်ပိုင်နိုင်ငံကတော့ ပြီးခဲ့တဲ့နှစ် ထဲမှာ ၆.၆% ရှိလာတာပါ။ မြန်မာနိုင်ငံကတော့ အရင်ကနဲ့မတူဘဲ ရင်းနှီးမြှုပ်နှံသူတွေအတွက် စွဲဆောင်မှုတွေ ရှိလာတာ တွေ့ရပြီး အာရှဒေသ စီးပွားရေး ကြီးထွားလာတာဟာ ၁၉၉၇ ခုနှစ်တုန်းကစလို့ အာရှဒေသတွင်း ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်တာကြောင့်လို့လည်း ပြောလို့ရပါတယ်။”
မြန်မာနိုင်ငံရဲ့စီးပွားရေး ကိန်းဂဏန်းအတိအကျ ဘယ်လောက်နဲ့ တိုးတက်တယ်ဆိုတာကို ပြောဖို့ရာ အခက်အခဲရှိနိုင်ပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုးတက်လာတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူးလို့ သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ်က စီးပွားရေးပညာရှင် ရှောင်န် တာနယ်လ် (Sean Turnell) က ပြောပါတယ်။
အခုလို စီးပွားရေး တိုးတက်လာရတဲ့ အဓိကမောင်းနှင်အားအဖြစ် စီးပွားရေးပညာရှင် ရှောင်န် တာနယ်လ် မြင်တာကတော့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ထုတ်လုပ်တင်ပို့ရောင်းချတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်း ကောင်းလာတာကိုလည်း သူက ထောက်ပြပါတယ်။
“မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့တွေကို ကောင်းကောင်း ဆက်ပြီး တင်ပို့နေနိုင် တာက အဓိကအကြောင်းရင်းဖြစ်မယ်လို့ ထင်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကနဲ့စာရင် ရာနှုန်း ၂၀ လောက်ကို တိုးလာခဲ့တာပါ။ နောက်တစ်ချက်ကလည်း နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်လာကြတာကြောင့် ဖြစ်သလို နိုင်ငံခြားခရီးသွား ပိုတိုးလာ ခဲ့တာမို့ ပြီးခဲ့တဲ့နှစ်မှာတင်မကဘဲ လာမယ့်နှစ်တွေမှာလည်း ပိုပြီး ကောင်းလာမယ်လို့ ထင်ပါတယ်။”
ကုန်ထုတ်လုပ်မှုကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုတဲ့ နိုင်ငံခြားကုမ္ပဏီအရေအတွက်ဟာ ၂၀၁၁ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ် မယ်ဆိုရင် သိသိသာသာတိုးတက်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ဆယ်လအတွင်းမှာတင် မှတ်ပုံတင်တဲ့ ပြည်ပကုမ္ပဏီ အရေအတွက်ဟာ ၁၄ ဆနီးပါးရှိခဲ့တယ်လို့ ADB ရဲ့ ဧပြီလ ၉ ရက်နေ့စွဲနဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စီးပွားရေးကို တကယ်တမ်း အပြောင်းအလဲလုပ်လာတဲ့ အချိန်ကာလက သိပ်မကြာလှသေးတာမို့ အခုလောက် တိုးတက်မှုကို ဆက်ထိန်းထားပြီး ဒီ့ထက်ပိုတိုးတက်သွားနိုင်ဖို့ရာ စိန်ခေါ်မှုတွေရှိနေမှာကတော့ အသေအချာပါ။
အခုလက်ရှိ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ဘယ်လောက်ထိ ရေရှည် ဆက်သွားနိုင်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးသလို စိန်ခေါ်မှုအများအပြား ရှိနေတယ်ဆိုတာကို ပါမောက္ခ ရှောင်န် တာနယ်လ်ကလည်း ထောက်ပြပါတယ်။
“ဘာ့ကြောင့်လည်းဆိုတော့ ဒီတိုးတက်မှုနှုန်းဟာ သယံဇာတအရင်းအမြင်တွေကို ထုတ်ယူတာ ဒါမှမဟုတ် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလို အတော်လေး နိမ့်သေးတဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကနေ ဖြစ်လာတာကြောင့်ပါ။ မြန်မာနိုင်ငံအနေနဲ့ စက်မှုနိုင်ငံတစ်ခုဖြစ်လာဖို့ စိန်ခေါ်မှုကြီးကတော့ အသေးစား၊ အလတ်စား၊ အကြီးစား စက်မှုကုန်ထုတ်လုပ်ငန်းတွေ ထူထောင် နိုင်ဖို့ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲဒီလုပ်ငန်းမျိုးတွေ ပေါ်လာဖို့အလားအလာ အများကြီးမတွေ့ရသေးပါဘူး။ ဒါတွေအားလုံး က နှစ်အတော်ကြာ အချိန်ယူရပါလိမ့်ဦးမယ်။”
ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေထဲမှာ ADB က မီးမောင်းထိုးပြထားတဲ့ အဓိကစိန်ခေါ်မှုက နှစ်ခုရှိတာတွေ့ရပါတယ်။
မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးလုပ်ဆောင်တဲ့ အရှိန်အဟုန် အားနည်းသွားမယ် ဒါမှမဟုတ် မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်ဆန် တင်းမာမှုတွေ နောက်ထပ် အရှိန်မြင့်လာဦးမယ်ဆိုရင်တော့ အပြုသဘောဆောင် နေတဲ့အလားအလာဟာ အန္တရာယ်ရှိသွားနိုင်တယ်လို့ ADB က သတိပေးထားပါတယ်။
ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် အားနည်းသွားလို့မရဘူးဆိုတဲ့အချက်ကို ပါမောက္ခ ရှောင်န် တာနယ်လ်ကလည်း သဘောတူပါတယ်။
“ပြုပြင်ပြောင်းလဲရေးတွေ အများကြီး ပိုလုပ်ဖို့ တကယ့်ကိုလိုအပ်ပါတယ်။ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးလို၊ တရားဥပဒေစိုးမိုးရေးလို အခြေခံပိုင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုသလို မူဝါဒချမှတ်တဲ့အပိုင်းမှာလည်း ပိုပြီး့ အခြေခံကျတဲ့အဆင့်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါလိမ့်မယ်။”
အစိုးရရဲ့ ရည်ရွယ်ချက်ကြီးမားလှတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေထွက်လာမယ့် ရလာဒ်တွေကို လက်တွေ့မြင်ရဖို့ ရာ နှစ်အတော် ကြာကောင်းကြာနိုင်ပေမဲ့လည်း နှစ်နှစ် သုံးနှစ်အတွင်း အကျိုးကျေးဇူးဖြစ်လာအောင် လုပ်ဆောင်သင့်တာတွေ ကို ADB ရဲ့ အစီရင်ခံစာမှာ အထူး အကြံပေး ဖော်ပြထားပါတယ်။
အဲဒါတွေထဲမှာ စီးပွားရေးမှာ ပုဂ္ဂလိကဘဏ်တွေရဲ့ ပါဝင် လုပ်ဆောင်မှုကို တိုးမြှင့်တာ၊ အတိုးနှုန်းနဲ့ ငွေထုတ်ချေးတာတွေအပေါ် ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးတာတွေ ပါဝင်ပါ တယ်။
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေ မှတ်ပုံတင်တာနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးတဲ့လုပ်ငန်းတွေ ကို လွယ်ကူရှင်းလင်းအောင်လုပ်ဖို့၊ စွမ်းဆောင်ရည်နိမ့်ကျတဲ့ ဓာတ်အားစနစ်ကို အဆင့်မြှင့်ဖို့၊ စိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာငွေကြေး ရယူနိုင်ဖို့နဲ့ တခြားဝန်ဆောင်မှုတွေကို တိုးမြှင့်လုပ်ဆောင်ပေးတာတွေဟာလည်း ရေတိုမှာ အကျိုးဖြစ်နိုင် တယ်လို့ ADB က အကြံပေးထားပါတယ်။
ရှေ့တိုးပြီး လုပ်ဆောင်သွားတာနဲ့အမျှ ဥရောပသမဂ္ဂ EU က အဆိုပြုထားတဲ့ မြန်မာနိုင်ငံက တင်ပို့ကုန်တွေအပေါ် အထူး အခွင့်အရေးပေးတဲ့ကိစ္စ၊ မြန်မာနိုင်ငံက တင်သွင်းကုန်တွေကို အမေရိကန်ကပိတ်ပင်ထားတာ ဆိုင်းငံ့လိုက်တဲ့ကိစ္စတွေကနေ နိုင်ငံစီးပွားရေးအတွက် အကျိုးဖြစ်လာဖို့ရှိတယ်လို့ ADB က ဆိုပါတယ်။
၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဓာတ်ငွေ့တွင်းကြီး နှစ်ခုကနေ ဓာတ်ငွေ့စထုတ်မှာမို့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု နှစ်ဆတိုးလာမှာဖြစ်ပြီး တရုတ်နဲ့ ထိုင်းတို့လို သဘာဝဓာတ်ငွေ့ဝယ်ယူနေတဲ့ အဓိကဈေးကွက်ကြီးတွေဆီ ပိုရောင်းနိုင်မယ်လို့ ADB အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကြီးထွားလာနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပိုတိုးပြီးရလာနေတဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တရားဝင် အထောက်အပံ့ တွေ၊၊ ၂၀၁၃ ခုနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံခွင့်လိုင်စင်နှစ်ခု ချပေးဖို့ စီစဉ်ထားတယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ အတူ တိုးပွားလာနေတဲ့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေဟာလည်း စီးပွားရေးကဏ္ဍလုပ်ဆောင်ချက်ကို အထောက်အပံ့ပေး သွားလိမ့်မယ်လို့ ADB အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။