အာဖဂန်ရုပ်သံသတင်းတင်ဆက်သူ အမျိုးသမီးတွေ မျက်နှာကာထားရ

Afghanistan Womens Rights

Afghanistan Womens Rights

အာဖဂန်နစ္စတန်နိုင်ငံက ထိပ်တန်းသတင်း ရုပ်သံလိုင်းတွေက အမျိုးသမီးသတင်း တင်ဆက်သူတွေဟာ၊ ဒီနေ့ တနင်္ဂနွေနေ့မှာတော့ သူတို့ရဲ့ မျက်နှာတွေကို ဖုံးပြီးတော့ သတင်းတင်ဆက်ခဲ့ကြပါတယ်။ အမျိုးသမီးသတင်း ကြေငြာသူတွေအနေနဲ့ ရုပ်သံကနေ သတင်းတွေ တင်ဆက်တဲ့အခါမှာ မျက်နှာကိုဖုံးထားဖို့ တာလီဘန်တွေဘက်က အမိန့်ထုတ်ခဲ့တာကို မလိုက်နာဘဲ အာခံပြီး တရက်အကြာမှာတော့ အခုလို ပြန်ပြီးတော့ မျက်နှာတွေကို ဖုံးလိုက်ရတာ ဖြစ်ပါတယ်။

တာလီဘန်တွေဟာ မနှစ်က အာဏာရချိန်ကစပြီး၊ လူမှုအသိုင်းအဝိုင်းအပေါ်မှာ ကန့်သတ်ချက်တွေ အတော်များများချမှတ်ခဲ့ပြီး၊ အဲဒီထဲက အများစုကတော့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး အစ္စလာမ်ဘာသာရဲ့ တင်းကြပ်တဲ့စည်းကမ်းတွေကို လိုက်နာဖို့ အဓိကအလေးပေးခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းကတော့ အာဖဂန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် Hibatullah Akhundzada က အမျိုးသမီးတွေအနေနဲ့ အများပြည်သူ မြင်ကွင်းမှာ မျက်နှာအပါအဝင် တကိုယ်လုံးကို အပြည့်ကာထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အာဖဂန်အစိုးရဝန်ကြီးဌာနကလည်း အမျိုးသမီး သတင်းကြေငြာသူတွေအနေနဲ့ အဲဒီအမိန့်ကိုလိုက်နာဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီး သတင်းကြေငြာသူတွေကတော့ အဲဒီအမိန့်ကို မလိုက်နာဘဲ၊ သတင်းကြေငြာတဲ့အချိန်မှာ သူတို့ရဲ့မျက်နှာတွေကို မကာဘဲ ကြေငြာခဲ့ပြီး ဒီနေ့မှာ ပြန်ပြီးတော့ ကာခဲ့တာ ဖြစ်ပါတယ်။

=== Unicode ===


