အာဖဂန်တိုက်ခိုက်ခံရမှုအတွင်း နေတိုးတပ်သားများ သေဆုံး

အသေခံ ကားဗုံးထောင်တိုက်ခိုက်မှု ဖြစ်ပွားအပြီး ကဘူးမြို့ကမြင်ကွင်း (အောက်တိုဘာလ ၂၉၊ ၂၀၁၁)

အာဖဂန်နစ္စတန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ၃ ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀ ထက်မနည်း သေဆုံးကာ လူအမြောက်အများ ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။ ပထမတိုက်ခိုက်မှုကတော့ အသေခံဗုံးခွဲသမားဟာ ပေါက်ကွဲစရာတွေ တင်ဆောင်လာတဲ့ကားကို မောင်းပြီး နေတိုးတပ်ဖွဲ့ရဲ့ မော်တော်ယာဉ်တန်းကို ကဘူးမြို့မှာ ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ ၁၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေထဲမှာ နေတိုးရဲ့ အရပ်သားအမှုထမ်း ၅ ဦးနဲ့ အာဖဂန်နစ္စတန်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း အရပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ သေဆုံးသူ ၁၇ ဦးထဲက ၁၂ ဦးဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားအမှုထမ်းတွေ ဖြစ်တယ်လို့ဆိုပါတယ်။ သေဆုံးသူ နောက်တစ်ယောက်ကတော့ ကနေဒါနိုင်ငံသားဖြစ်တယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နောက်တိုက်ခိုက်မှုတစ်ခုကတော့ အာဖဂန်နစ္စတန် နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အာဖဂန်စစ်သား ယူနီဖောင်း ဝတ်ဆင်ထားသူတစ်ယောက်က အာဖဂန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဝင်တွေကို သေနတ်နဲ့ပစ်တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း နေတိုး တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်သူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

နောက်တိုက်ခိုက်မှုတစ်ခုကတော့ နိုင်ငံအရှေ့မြောက်ပိုင်းက ခူနာ ခရိုင်မှာရှိတဲ့ အစိုးရရုံးတရုံးရဲ့ ရှေ့မှာပါ။ အသေခံဗုံးခွဲတဲ့ အမျိုးသမီးရဲ့ တိုက်ခိုက်မှုမှာ အာဖဂန်လူမျိုးတွေ အများအပြား ဒဏ်ရာရရှိသွားပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကို တာလီဘန်အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုပါတယ်။