တာလီဘန်နဲ့ အမေရိကန်စစ်အကျဉ်းသားလဲလှယ်မှု အာဖဂန်စိုးရိမ်

တာလီဘန်တွေလက်က ပြန်လွတ်လာတဲ့ တပ်ကြပ် Bowe Bergdahl ရဲ့ မိဘနှစ်ပါးနဲ့အတူ သမ္မတအိုဘားမားကို အိမ်ဖြူတော် နှင်းဆီဥယာဉ်မှာ တွေ့ရစဉ်။ (မေ ၃၁၊ ၂၀၁၄)

ကျူးဘားက ဂွမ်တာနာမိုပင်လယ်အော်က အမေရိကန်အကျဉ်းစခန်းမှာ ဖမ်းထားတဲ့ အာဖဂန် တာလီဘန်အဖွဲ့ဝင် ၅ ယောက်နဲ့ အလဲအလှယ်လုပ်ပြီး အမေရိကန်စစ်သားတယောက်ကို လွှတ်ပေးလိုက်တဲ့အတွက် စိုးရိမ်ကြောင်း အာဖဂန်အစိုးရက ပြောကြားလိုက်ပါတယ်။

လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန် တပ်ကြပ်ကြီး Bowe Bergdahl ကို တာလီဘန်တွေ လွှတ်ပေးခဲ့ပြီးတဲ့ နောက် တနင်္ဂနွေနေ့မှာပဲ ဒီအကျဉ်းသား ၅ ယောက်ဟာ Qatar နိုင်ငံကို လေယာဉ်နဲ့ ရောက်လာခဲ့တာပါ။ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်အရ ဂွမ်တာနာမိုက အကျဉ်းသားတွေဟာ ကာတာနိုင်ငံမှာပဲ တနှစ်နေရမှာ ဖြစ်ပါတယ်။

အခုလို အကျဉ်းသား လဲလှယ်ရေးလုပ်တာကို အာဖဂန်အစိုးရကို အကြောင်းမကြားခဲ့ဘူးလို့ အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အာမက် ရှာကစ်ဘ် မတ်စတတ်ဂ်နီ (Ahmad Shakib Mustaghni) က တနင်္လာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် အခုလို အကျဉ်းသားတွေကို ကာတာနိုင်ငံကို လွှဲပြောင်းပေးတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖေါက်တာဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

အာဖဂန်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေကို ဂွမ်တာနာမိုမှာ ဖြစ်ဖြစ် တခြားအကျဉ်းထောင်တွေမှာ ဖြစ်ဖြစ် ဖမ်းဆီးထိမ်းသိမ်းထားတာကို ကန့်ကွက်တယ်လို့လည်း မတ်စတတ်ဂ်နီက ပြောပါတယ်။