လုပ်ကြံခံရသူ ညီအတွက် သမ္မတ ကာဇိုင်း ပူဆွေး

လုပ်ကြံခံလိုက်ရသည့် ညီဖြစ်သူ၏ ဈာပနအခမ်းအနား တက်ရောက်နေသည့် အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း(လယ်)။ ဇူလိုင် ၁၃၊ ၂၀၁၁။

လုပ်ကြံခံလိုက်ရသည့် ညီဖြစ်သူ၏ ဈာပနအခမ်းအနား တက်ရောက်နေသည့် အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း(လယ်)။ ဇူလိုင် ၁၃၊ ၂၀၁၁။

မနေ့တုန်းက နေအိမ်မှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ အာဖဂန်နစ္စတန် သမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) ရဲ့ ညီဝမ်းကွဲ ဈာပနမှာ ထောင်နဲ့ချီတဲ့ ဝမ်းနည်းကြေကွဲသူတွေနဲ့ အတူ သမ္မတ ဟာမစ် ကာဇိုင်း ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

သမ္မတ ကာဇိုင်းဟာ သေဆုံးခဲ့တဲ့ သူ့ရဲ့ညီ အာမက် ဝါလီ ကာဇိုင်း (Ahmad Wali Karzai) ရဲ့ ရုပ်အလောင်းကို နမ်းခဲ့ပြီး မျက်ရည်လည်း ကျခဲ့ပါတယ်။

ကန်ဒါဟာပြည်နယ် တောင်ပိုင်းက ဈာပနကျင်းပတဲ့ ကာဇိုင်း မိသားစုဝင်တွေရဲ့ ရွာမှာ ဒီနေ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားပါတယ်။

လုပ်ကြံခံခဲ့ရတဲ့ ဝါလီ ကာဇိုင်းဟာ အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းမှာ သြဇာအာဏာ ကြီးမားသူတဦး ဖြစ်ပြီး သူ့ရဲ့ လုံခြုံရေး အဖွဲ့ထဲမှာ ရေရှည် အလုပ်လုပ်လာခဲ့တဲ့ လူယုံတဦးက သူ့ကို မနေ့တုန်းက လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။ လုပ်ကြံခဲ့တဲ့သူက ဆာဒါ မိုဟာမက် (Sardar Mohammad) ဆိုသူဖြစ်ပြီး သူ့ကိုလည်း တခြား လုံခြုံရေး အဖွဲ့ဝင်တွေက ပြန်ပြီး သတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့ရပါတယ်။

တာလီဘန်တွေကတော့ ဒီလုပ်ကြံမှုဟာ သူတို့ရဲ့ လက်ချက်ပဲလို့ ပြောနေတာ ရှိပေမဲ့လည်း ဒီနေ့ကျင်းပတဲ့ ဈာပနနဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေးကို လုပ်ဖို့ တာလီဘန်တွေကို သမ္မတ ကာဇိုင်းက ထပ်ပြီးတော့ တိုက်တွန်းလိုက်ပါတယ်။

အာဖဂန်နစ္စတန်မှာရှိတဲ့ သူပုန်တွေကို ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ဖို့ သမ္မတ ဟာမစ် ကာဇိုင်းက တိုက်တွန်းနေခဲ့တာပါ။

ကန်ဒါဟာပြည်နယ်ဟာ တာလီဘန်တွေ ပေါက်ဖွားရာဒေသ ဖြစ်ပြီး နိုင်ငံတကာ တပ်ဖွဲ့ဝင်တွေကလည်း အဲဒီဒေသမှာ သူပုန်တွေကို နှိမ်နင်းနေတာကြောင့် အကြမ်းဖက်မှုတွေ မြင့်မားနေတဲ့ အရပ်လည်း ဖြစ်ပါတယ်။

ဒီနေ့လည်း ဝါလီ ကာဇိုင်းရဲ့ ဈာပနကို လာဖို့ ထွက်လာခဲ့တဲ့ ကန်ဒါဟာပြည်နယ် အနီးက ဟေလ်မန်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ မော်တော်ယာဉ်တန်းဟာ လမ်းဘေးထောင် ဗုံးတလုံး ထိမှန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ ဘာမှ အန္တရာယ်မရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။