အာဖဂန်မြေပြိုမှု ကယ်ဆယ်ရေး ရပ်ဆိုင်း

အာဖဂန်မြေပြိုမှု လိုက်လံ ရှာဖွေကယ်ဆယ်။ (မေ ၃၊ ၂၀၁၄)

Afghanistan နိုင်ငံ မြောက်ပိုင်းမှာ အကြီးအကျယ်မြေပြိုကျမှု ဖြစ်ပွား လို့ ကျောက်တုံးကျောက်ခဲတွေနဲ့ ရွှံ့နွံတွေအောက်မှာ ရွာသား ရာနဲ့ချီ နစ်မြုပ်သွားတာကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာမှာ အသက်ရှင်ကျန်ရစ်သူ နောက်ထပ်ရှာမတွေ့နိုင်တော့ဘူးဆိုပြီး အရာရှိတွေ စိတ်လျှော့ပြီး ရှာဖွေရေးလုပ်ငန်းတွေကို ရပ်လိုက်ပြီ ဖြစ်ပါတယ်။

Tajikistan, Pakistan၊ တရုတ်တို့နဲ့ ထိစပ်နေတဲ့ ဒေသမှာ မိုးတွေ ရက်ဆက် သည်းသည်းထန်ထန်ရွာသွန်းထားလို့ နောက်ထပ် ဆက်ပြီး မြေပြိုကျမှာကို စိုးရိမ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့သားတွေက ပြောပါတယ်။ စနေနေ့ကဆိုရင် Badakhshan ပြည်နယ်က Aab Bareek ရွာကနေ အလောင်း ၂ လောင်းပဲ ရှာဖွေတွေ့ရှိတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ကယ်ဆယ်ရေး သမားတွေက ဒီသောကြာနေ့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် အိုးအိမ်မဲ့ခဲ့ရသူတွေ အတွက် နေရာထိုင်ခင်း ဆေးဝါးနဲ့ စားရေရိက္ခာ ထောက်ပံ့မှုကိုပဲ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ သေဆုံးသူအရေအတွက်နဲ့ ပတ်သတ်လို့ မျိုးစုံ ခန့်မှန်းနေကြပြီး သေဆုံးသူစုစုပေါင်း ရာဂဏန်းအနည်းကနေ ၂၇၀၀ ကျော်ထိ ရှိနိုင်တယ်လို့ ပြောနေကြတာပါ။

ဒီဘေးအန္တရာယ်ကြုံရတဲ့နေရာကို လူတွေအစုလိုက် အပြုံလိုက် သေဆုံးရာနေရာ အဖြစ်ကြေညာ ထားပြီး ပျောက်ဆုံးနေသူတွေလည်း အများကြီးမို့လို့ အတိအကျစာရင်းကို ဘယ်တော့မှ အတည်ပြုလို့မရ ဖြစ်နိုင်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် အထူးကြေကွဲရပါကြောင်း အမေရိကန်သမ္မတ Barack Obama နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon တို့က တရားဝင်ပြောကြားပြီး အကူအညီပေးပါမယ်လို့ ကတိပြုထားပါတယ်။