တရုတ် ပါကစ္စတန် အာဖဂန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

အာဖဂန်၊ ပါကစ္စတန်၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးများ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်လက်မှတ်ရေးထိုးပြီးချိန်။ (ဒီဇင်ဘာ ၁၅၊ ၂၀၁၈)

တရုတ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့အကြား ၃ ပွင့်ဆိုင် သဘောတူညီချက်တွေ စနေနေ့က လက်မှတ် ရေးထိုးလိုက်ကြတာမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ တာလီဘန်တို့အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်လာရေးတို့ကို တောင်းဆိုထားတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒုတိယအကြိမ်မြောက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့အတွက် အာဖဂန်နိုင်ငံ မြို့တော် Kabul မှာ တွေ့ဆုံခဲ့ကြတာမှာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေ အကောင်အထည် ဖော်ရေးတို့အတွက်လည်း သံန္နိဌာန် ပြုခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်အကြား ကာလရှည်ကြာ တည်ရှိလာခဲ့တဲ့ သံသယဖြစ်မှုတွေ လျော့ချနိုင် ရေး ကြားဝင်ဆောင်ရွက်ပေးဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်အစိုးရက ပထမအကြိမ်တွေ့ဆုံမှုကို မနှစ်က ဘေဂျင်းမြို့မှာ စတင် ပြုလုပ်ခဲ့တာပါ။ အာဖဂန်နဲ့ ပါကစ္စတန်အကြားက တင်းမာမှုတွေကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေကို အဟန့် အတားဖြစ်စေသလို စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ထိခိုက်စေကြောင့် ဝေဖန်သူတွေ က ထောက်ပြကြပါတယ်။

အာဖဂန်နဲ့ပါကစ္စတန်အကြားတည်ရှိနေတဲ့ တင်းမာမှုတွေလျော့ကျပြီး ဒေသတွင်းမှာ ငြိမ်းချမ်းရေး ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်တိုးတက်လာရေးအတွက် တရုတ်နိုင်ငံအနေနဲ့ သံတမန်ရေးနည်းလမ်းအရ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က တွေ့ဆုံမှုအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

တရုတ် ပါကစ္စတန် အာဖဂန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူ