အာဖဂန်သမ္မတရွေးပွဲ ဆန္ဒမဲတွေစတင်ရေတွက်

အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲရလဒ်ရေတွက်ပြီးသော ဒေသများ။

အာဖဂန် ဘဏ္ဍာရေးဝန်ကြီးဟောင်း Ashraf Ghani နဲ့ အတိုက်အခံခေါင်းဆောင် Abdullah Abdullah တို့ဟာ ဧပြီလ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ အာဖဂန်သမ္မတရွေးကောက်ပွဲမှာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်သူတွေအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

မဲအရေအတွက် ၁၀ ရာခိုင်နှုန်းကို ရေတွက်ပြီးတဲ့နောက် အဗ္ဗဒူလာဟာ မဲအရေအတွက် ၄၂ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး ဂါနီကတော့ ၃၈ ရာခိုင်နှုန်းရထားပါတယ်။ တတိယနေရာမှာရှိနေတဲ့ Zalmai Rassoul ကတော့ မဲစုစုပေါင်း ၁၀ ရာခိုင်နှုန်းအောက်မှာပဲ ရထားပါတယ်။

စုစုပေါင်း မဲပေးသူအရေအတွက်ဟာ ၇ သန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ မဲအားလုံးကိုတော့ နောက်လလောက်မှ ရေတွက်ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပြီး တကယ်လို့ ဘယ်သူကမှ ပြတ်ပြတ်သားသား အနိုင်ရတာမျိုးမရှိဘူးဆိုရင်တော့ နောက်တဆင့် ထပ်ပြီး ပြိုင်ရမှာဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင် အဗ္ဗဒူလာကတော့ တတိယနေရာကလိုက်နေတဲ့ ရာဆူးလ် နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ အေပီသတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမဟာမိတ်ဖွဲ့ဖို့ကိစ္စ ဆွေးနွေးဖို့ကတော့ စောလွန်းသေးတယ်လို့ ပြောပါတယ်။ တကယ်လို့ သူသာ အရွေးခံရမယ်ဆိုရင်တော့ ညွန့်ပေါင်း အစိုးရဖွဲ့မယ်လို့ ပြောလိုက်ပါတယ်။