ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင်ဟောင်း AA ဖမ်းဆီး  

ရခိုင့်ဦးဆောင်ပါတီ(AFP) အမှတ်တံဆိပ်။ (ဓာတ်ပုံ- AFP's fb)


[[Zawgyi/Unicode]]

ရခိုင့်ဦးဆောင်ပါတီ (AFP) က ထိပ်ပိုင်းခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှစ်ဦး ဖမ်းဆီးခံထားရပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ်မရကြသေးပါဘူး။ ဖမ်းဆီးခံထားရတဲ့ နှစ်ဦးထဲကတဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က သူတို့ဖမ်းဆီးထားတာလို့ဆိုပေမဲ့ နောက်တဦးကိုတော့ သူတို့မသိရှိဘူးလို့ ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP က ထိပ်ပိုင်းပါတီခေါင်းဆောင်၂ ဦးဖြစ်ကြတဲ့ ဦးကျော်စောဦးနဲ့ ဦးကျော်လွင်တို့ ဖမ်းဆီးခံထားရပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ်မရသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပါတီခေါင်းဆောင်နှစ်ဦးထဲက ဦးကျော်စောဦးကိုတော့ မေးမြန်းစရာရှိတာကြောင့် ခေါ်ယူထားတာဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရခိုင်သုခက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

“ကိုကျော်စောဦးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူစကား ပြောနေတာရှိတယ်။ ပြောရင်တော့ သူက ကျန်းကျန်းမာမာရှိတယ်။ စိုးရိမ်စရာမရှိပါဘူး။”

နောက်ထပ် ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်လွင်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကတည်းက သူနေထိုင်တဲ့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာက နေအိမ်မှာ အမည်မသိ လူ ၂၀ လောက် လာရောက် ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဦးကျော်လွင်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က မသိရှိသေးကြောင်း ပြောဆိုထားပါတယ်။ လက်ရှိအချိန်ထိ ဦးကျော်လွင် ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး သတင်းအစအနမရသေးတာကြောင့် စိုးရိမ်နေရတယ်လို့လည်း ဖမ်းဆီးခံထားရတဲ့ ဦးကျော်လွင်ရဲ့ညီဖြစ်သူ ဦးကျော်နိုင်က ပြောပါတယ်။
“ကျနော်တို့တော့ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် ဖမ်းရင် ဘာအပြစ်နဲ့ဖမ်းတာလဲ သိချင်တယ်။ ဒါပေမယ့် သူတို့ကလည်း အပေါ်က မသိဘူး၊ အောက်က မသိဘူးဆိုတော့ လူတယောက်မှာ မိသားစုရှိတယ်ဗျာ။ အခုမသိဘူးဆိုတော့ မိသားစုတယောက်အနေနဲ့ စိုးရိမ်တာပေါ့ဗျာ။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ တော်လှန်ရေး အပေါ်ကာလတွေမှာ ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့် လှုံ့ဆော်မှုတွေကို ခွင့်မပြုသလို လိုအပ်ရင်လိုအပ်သလို တိုင်းပြည်အရေးအတွက် လုပ်ဆောင်ရတာတွေရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောထားတာရှိပါတယ်။ ရခိုင့်ဦးဆောင်ပါတီ (AFP) ဘက်ကတော့ ပါတီဝင်နှစ်ယောက်လုံးဟာ ပါတီအတွက် အရေးကြီးသလို ဖမ်းဆီးထားရလောက်အောင် အပြစ်လုပ်ထားတာမရှိတဲ့အတွက် ဖမ်းဆီးထားသူတွေအနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့လည်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ ကျနော်တို့ခန့်မှန်းတာက နိုင်ငံရေးနဲ့ နွယ်တဲ့ပုဂ္ဂိုလ်တိုင်းက တော်လှန်ရေးနဲ့ သွားနေတဲ့သူတွေရဲ့လမ်းကြောင်းကို မည်သည့်နည်းနဲ့မျှ နှောင့်ယှက်မပေးဘူးဗျာ။စီးတဲ့ရေ စီးပါစေ၊ ဟိုကျန် ဒီကျန်မဖြစ်အောင်သာ သမိုင်းနဲ့ အတွေ့အကြုံလေးတွေကို အကန့်အသတ်လေးနဲ့ နားဝင်ပါစေဆိုပြီးတော့ ပြောဆိုတာလောက်ပဲ ရှိကြပါတယ်။ ကျနော်ထပ်ပြီးပြောရရင် အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံးဟာ ကျနော်တို့ပါတီအတွက် အင်မတန်အရေးကြီးပါတယ်။ မိသားစုတွေကလည်း စိတ်ပူနေကြပါတယ်။ ကိစ္စကြီးကြီးမားမားမဟုတ်တဲ့အတွက် မေးမြန်းပြီးရင် မိခင်ပါတီကို ပြန်ပြီးတော့ လွှတ်ပေးဖု့ိ ကျနော်တို့ တောင်းဆိုပါတယ်နော်။”

လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေ မကြာခဏဖမ်းဆီးခံရတာတွေရှိပါတယ်။ ဒီ ၂ လအတွင်းမှာပဲ ရခိုင်ဒေသခံ ၃၀၀ ကျော်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားတာရှိတယ်လို့ AA အဖွဲ့ဘက်ကပြောဆိုသလို ရခိုင် လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ဖက်ဆိုင်ရာတာဝန်ရှိသူတွေ၊ စစ်ကောင်စီ ဝန်ထမ်းတွေနဲ့ ပါတီဝင်တွေကို ခေါ်ယူစစ်ဆေးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ AA နဲ့ မြန်မာစစ်ကောင်စီတပ်တွေကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားကြပါတယ်။

Your browser doesn’t support HTML5

ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင်ဟောင်း AA ဖမ်းဆီး .mp3

===============

[[Unicode]]









