အာဖရိက ဦးချိုဒေသ အငတ်ဘေး နယ်မြေသစ်များသို့ ပျံ့နှံ့

အာဖရိက ဦးချိုဒေသ အငတ်ဘေး နယ်မြေသစ်များသို့ ပျံ့နှံ့

ဆိုမာလီယာနိုင်ငံရဲ့ မြို့တော် မိုဒါဒစ်ရှူး အပါအဝင် နိုင်ငံတောင်ပိုင်းဒေသ ၃ ခုအထိ ငတ်မွတ်ခေါင်းပါး ဘေးသင့်နေကြောင်း ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဗုဒ္ဓဟူးနေ့ထုတ် ကြေညာချက်မှာ အလယ်ပိုင်း ရှဘဲလ် (Shabelle) ဒေသတွင်းက ဒုက္ခသည်တွေကို နေရာချထားတဲ့ အက်ဖ်ဂိုးရီး (Afgoye) စင်္ကြန်ဒေသနဲ့ မိုဒါဒစ်ရှူးမှာ နေထိုင်နေကြတဲ့ ဒုက္ခသည် အသိုင်းအဝိုင်းတွေကို အငတ်ဘေးသင့်နေတဲ့ ဒေသတွေအဖြစ် ဖော်ပြလိုက်တာပါ။

အာဟာရချို့တဲ့မှုနဲ့ သေဆုံးမှုနှုန်းဟာ အဲဒီဒေသ ၃ ခုမှာ အကြီးအကျယ် ပျံ့နှံ့နေတယ်လို့လည်း ရေးသားထားပါတယ်။

ကုလသမဂ္ဂ အဖွဲ့ကြီးက ဆိုမာလီယာရဲ့ ဘကူးလ် (Bakool) နဲ့ အောက်ပိုင်း ရှဘဲလ် ဒေသတွေမှာ အငတ်ဘေး ဆိုက်လိမ့်မယ်လို့ ပြီးခဲ့တဲ့ လကတည်းက ကြေညာထားခဲ့တာပါ။

လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့က ဆိုမာလီယာ တောင်ပိုင်းဒေသ အားလုံးကို မနားတမ်း အကူအညီ ပေးနေတဲ့ ကြားကပဲ လူတွေဟာ ထောင်ချီပြီး သေဆုံးခဲ့ရကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ပုံငွေ မလုံလောက်မှု၊ ထောက်ပံ့ပို့ဆောင်ရေး စနစ်တွေနဲ့ လမ်းပမ်းဆက်သွယ်ရေး စတဲ့ ပြဿနာတွေကြောင့် လက်ရှိရနေတဲ့ အကူအညီနဲ့ မလုံလောက်ဘူးလို့ ပြောပါတယ်။

ဒီအငတ်ဘေးဟာ လာမယ့် သီတင်းပတ်တွေ အတွင်းမှာပဲ ဆိုမာလီယာ တောင်ပိုင်းဒေသ တခုလုံးကို ပျံ့နှံ့သွားမှာ ဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ဒီဇင်ဘာလအထိ ကူညီပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

ဆိုမာလီယာဟာ အာဖရိက ဦးချိုဒေသမှာ နှစ်ပေါင်း ၆၀ အတွင်း အဆိုးဆုံး မိုးခေါင်ရေရှားမှုဒဏ်ကို ခံနေရတာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူပေါင်း ၁၂ သန်းကျော်အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း ကုလသမဂ္ဂ အဖွဲ့ကြီးက ကြေညာထားပါတယ်။