ဆီးရီးယားနိုင်ငံမှာ အကြီးဆုံးမြို့ဖြစ်တဲ့ Aleppo ရဲ့ အချက်အခြာနေရာ အများစုကို ထောင်နဲ့ချီတဲ့ သူပုန်တွေ သိမ်းပိုက်လိုက်ပြီး လေဆိပ်ကို ထိန်းချုပ်လိုက်သလို အနီးအနားဒေသတွေကိုလည်း ရုတ်တရက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရတပ်ဖွဲ့တွေက ထိုးစစ်ကို ခုခံမှု မရှိသလောက် နည်းပါးတယ်လို့လည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
Hayat Tahrir al-Sham ဦးဆောင်တဲ့ သူပုန်တွေဟာ Aleppo အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သိမ်းပိုက်ထားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က ပြောဆိုခဲ့တာပါ။ ဒါဟာဆိုရင် ပထမဆုံး သူပုန်တွေက နိုင်ငံတကာလေဆိပ်ကို ထိန်းချုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဆိပ်ကို သိမ်းပိုက်လိုက်ကြောင်း သူပုန်တွေကလည်း ကြေညာခဲ့ကြပြီး လေဆိပ်ထဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ကြတာပါ။
သူပုန်အဖွဲ့တွေက အနီးအနား ဒေသတွေကိုပါ ဆက်လက်ထိုးစစ်ဆင်နေရာမှာ ၂၀၁၆ ခုနှစ်တုန်းက အစိုးရတပ်တွေက တိုက်ထုတ်ခံခဲ့ရတဲ့ မြောက်ပိုင်း Hama က မြို့တွေ၊ ရွာတွေကိုလည်း သိမ်းပိုက်ခဲ့ပါတယ်။ ဆီးရီးယားသမ္မတ Bashar Assad ကတော့ တိုင်းပြည်တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာအတွက် အကြမ်းဖက်သမားတွေနဲ့ ထောက်ခံသူတွေကို အနိုင်တိုက်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။