စစ်ဘေး၊ ရေဘေးဒဏ်ကြောင့် ကရင်နီမှာ အရေးပေါ်အကူအညီ လိုအပ်နေ

ကရင်နီဒေသ နေရာအတော်များများ ရေကြီးရေလျှံခဲ့ (စက်တင်ဘာ ၂၀၁၄)

ရေဘေးဒဏ်ခံထားရတဲ့ ကယားပြည်နယ်၊ ကရင်နီဒေသမှာ ရေနစ်မြုပ်ပျက်စီးခဲ့ရတဲ့ မိုးစပါး ဧကတသောင်း ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ကြိုးစားနေပါတယ်။ မိုးစပါး ပြန်လည်စိုက်ပျိုးရေးအတွက် တတ်နိုင်သလောက် ထောက်ပံ့ပေးနေတယ်လို့ IEC ကပြောပါတယ်။ စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေ အကူအညီလိုအပ်နေတဲ့ အခြေအနေ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို စက်တင်ဘာလက တိုက်ခတ်တဲ့ အင်အားပြင်း ရာဂီမုန်တိုင်း အဖျားခတ်တဲ့ဒဏ်ကြောင့် ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်က မြို့နယ် ၉ ခုလောက်မှာ လူတွေသေဆုံးတဲ့အထိ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ခဲ့ပါတယ်။ စစ်ဘေးရှောင် စခန်း ၁၆ ခု နဲ့ ကျေးရွာပေါင်း ၅၄ ရွာမှာ အဆိုးဝါးဆုံး ရေဘေးဒဏ်ခံခဲ့ရတာမှာ စပါးခင်း ဧက ၁ သောင်းကျော်နဲ့ နှံစားပြောင်း၊ ပြောင်းဖူး စတဲ့စိုက်ပျိုးသီးနှံခင်းတွေ ရေလွှမ်းခံခဲ့ရလို့ ပျက်စီးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ စပါးခင်း ဧကတစ်သောင်းကျော် ပြန်လည် စိုက်ပျိုးနိုင်ဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တတ်နိုင်သလောက် ထောက်ပံ့ငွေတွေ ပေးနေတယ်လို့ အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပြပါတယ်။

“လောလောဆယ်ကတော့ ကျနော်တို့က ပျက်စီးသွားတဲ့ စပါးစိုက်ဧကတွေကို အချက်အလက်တွေ ကောက်ပြီးတော့မှ အခုဆက်တိုက် ဘာလုပ်ထားလဲဆိုတော့ နိုင်သလောက်ပေါ့နော်၊ ကျနော်တို့ IEC မှာ ရှိသလောက် နိုင်သလောက် ဒီစိုက်တောင်သူတွေ ပြန်စိုက်ပျိုးနိုင်ဖို့အတွက် မ,တည်ကြေးတွေပေါ့နော်၊ ဒါကတော့ အခမဲ့ပေါ့ အပြီးအပိုင်ပေါ့နော်။ IEC ကို ပြန်ပေးစရာမလိုဘဲနဲ့ တခါတည်း စိုက်တောင်သူတွေ သုံးလို့ရအောင် လယ်စိုက်ဧကမှာ ရှိနေတဲ့ မိသားစုအလိုက်ပေါ့နော်၊ ထောက်ပံ့ပေးထားတာရှိပါတယ်ဟုတ်။”

စစ်ရေးပဋိပက္ခနဲ့ သဘာဝဘေးဒဏ် နှစ်ခုစလုံး ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်လူဦးရေ တသိန်းခွဲရှိပြီး ရေဘေးကြောင့် ပျက်စီးသွားတဲ့ လယ်ဧက ၁၀,၈၀၀ ကျော်၊ ပျက်စီးသွားတဲ့ အိမ်ရာ ၁,၉၄၇ ခု ရှိတာမို့ မိသားစု ၁,၉၃၇ စုက အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် စစ်ဘေးရော ရေဘေးပါ ရင်ဆိုင်နေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီမှုကို ပြည်တွင်းပြည်ပက ဝိုင်းဝန်းပံ့ပိုးကူညီပေးကြဖို့ IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာနက ပြီးခဲ့တဲ့ အောက်တိုဘာလကုန်းပိုင်းက ပန်ကြားခဲ့ပါတယ်။ ခုချိန်ထိတော့ လိုအပ်သလောက် အကူအညီတွေ ရောက်မလာသေးဘူးလို့ IEC အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“ပထမ တခေါက်တောင်မှ နည်းနည်းလေး အကူအညီ နည်းနည်းရတယ်ပေါ့နော်။ ဒီတခေါက်က လုံးဝငြိမ်နေတယ်ပေါ့။ ဒုတိယတစ်ကြိမ်ပေါ့နော်၊ ပြန်လည်ထူထောင်ရေးအတွက်ပေါ့၊ လုံးဝကိုငြိမ်ပြီးတော့မှ စိတ်ဝင်စားတဲ့သူ မရှိသလောက် ပုံစံမျိုး ကျနော်တွေ့ရတယ်။ အခုချိန်ထိကလည်း ဆက်သွယ်လာပြီးတော့မှ အကူအညီပေးဖို့ကလည်း မရှိသလောက်ပေါ့နော်။ အခြားတဖက်မှာကတော့ ပြန်လည်ထူထောင်ရေးက လုပ်လို့မပြီးသေးဘူးပေါ့နော်။ တချို့စခန်းတွေဆိုရင် ကျနော်တို့ အိမ်ရာတွေ ပြန်တည်ဆောက်တာတွေ ဆောက်လုပ်နေရတုန်းပဲ ဖြစ်တယ်။ တချို့ရွာတွေ ရေကြီးပြီးတော့မှ အခုရေပြန်ကျတယ်။ လူထုတွေ ဘာမှမကူညီနိုင်သေးဘူးပေါ့နော်။”

အကူအညီပေးကြတဲ့ ပြည်သူတွေအနေနဲ့ နှစ်ကြာလာချိန်မှာ အရင်လောက် အကူအညီတွေ မထည့်နိုင်ကြတော့တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ အတွင်းရေးမှူး(၂) ကိုဗညားက ပြောပါတယ်ရှင်။ လက်ရှိအခြေအနေမှာ ကရင်နီဒေသက ပြည်သူတွေဟာ စစ်ဘေးဒဏ်၊ ရေဘေးဒဏ်ကြောင့် အကူအညီတွေ တကယ်လိုအပ်နေတယ်လို့ သူကပြောပါတယ်။

Your browser doesn’t support HTML5

စစ်ဘေး၊ ရေဘေးဒဏ်ကြောင့် ကရင်နီမှာ အရေးပေါ်အကူအညီ လိုအပ်နေ