စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်နဲ့ ကျွန်းလှမြို့နယ်တို့မှာ ရက်ဆက်ဆိုသလို စစ်ကောင်စီဘက်က လေယာဉ်နဲ့ရော ဒရုန်းနဲ့ပါ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံအနည်းဆုံး ၅ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးတိုက်ခိုက်နေလို့ ကန့်ဘလူမြို့နယ်တောင်ခြမ်းက ကျေးရွာ ၁၂ ရွာထက်မနည်းက ဒေသခံ ၂၀၀၀၀ ဝန်းကျင်လည်း စစ်ဘေးရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ဗျုဟာလမ်းပိုင်းကို စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက် မနက် ၇ နာရီခွဲ အချိန်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တပါးအပါအဝင် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၀ ဦးဝန်းကျင် ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ ၁၈ ရက်နေ့ပေါ့နော် မနက် ၇ နာရီခွဲနဲ့ ၈ နာရီ ၂၀ လောက်မှာ ဖြစ်သွားတာပေါ့။ ဇီးကုန်းသကြားစက်ကနေ စကစ မထွက်ခဲ့ဘူးပေါ့၊ အထိုင်ကနေပဲ ဒရုန်းဗုံးသီးချတာပေါ့ ဗျူဟာလမ်းပိုင်းကို ချတာပေါ့။ ကန့်ဘလူတောင်ခြမ်းမှာ ရှိနေတဲ့ ကန့်ဘလူ-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းပေါ်ကိုချတော့ ကားတွေပေါ်ကိုကျတာပေါ့။ ကားဘေးတည့်တည့်ကျပြီး ထိခိုက်ဒဏ်ရာ ရတဲ့သူရောပေါ့။ ကားဘေးတည့်တည့်ကျတော့ သေဆုံးတာက ဘုန်ကြီးတစ်ပါးရယ်၊ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်ပေါ့နော်။ ဗုံးက ၅ လုံးဆိုတော့ တစ်စီးတည်းတော့ မကဘူးနော်။ တခြားကားတွေကရော ထိခိုက်တဲ့ခါကျတော့ အားလုံးပေါင်း နောက်ထပ် ထိခိုက် ဒဏ်ရာ ရသူ ၁၀ ဦးရှိတယ်လို့လည်း ကြားရတာပေါ့၊ ကား ၂စီး ပျက်စီးတယ်ပေါ့ အဲ့လောက်ပဲ။”
နိုဝင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့မှာလည်း ကန့်ဘလူမြို့နယ် အလယ်ခုံရွာနဲ့ ကျွန်းလှမြို့နယ်က ရွာကုန်းကြီး၊ လိပ်ဆင်းတောင်ရွာတို့ကို တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက တိုက်ခိုက်ရေး ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ တဦး သေဆုံးခဲ့ပြီး နေအိမ်တချို့နဲ့ ကားတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ် တောင်ခြမ်း ရေဦးနဲ့ အစပ်ဒေသကို စစ်ကောင်စီက အောက်တိုဘာ လလယ်လောက်ကနေ စတင်စစ်ကြောင်းထိုးလာတာ အခုတလဝန်းကျင် ရှိနေပါပြီ။ ဒီတလ အတွင်းမှာ ကန့်ဘလူတောင်ခြမ်းက ကျေးရွာ ၁၂ ရွာနဲ့ ဇီးကုန်းမြို့ပေါ်က ဒေသခံတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာနဲ့ ပေါ်တာဆွဲတာတွေကြောင့် မြို့ပေါ်နဲ့ ရွာအတွင်းမှာ မနေနိုင်ဘဲ စစ်ဘေးရှောင်နေကြရတာပါ။
လက်ရှိမှာ ဇီးကုန်းမြို့ပေါ်နဲ့ ကျေးရွာ၁၂ ရွာက စစ်ရှောင်ဦးရေဟာ ၂၀၀၀၀ အထက်မှာ ရှိနေတယ်လို့ ဒေသခံက ပြောပါတယ်။ ဇီးကုန်းမြို့ပေါ်က လည်ဆည်ရပ်ကွက်မှာ စစ်ကောင်စီက အိမ်ခြေ ၇၀ ဝန်းကျင် မီးရှို့ခဲ့ပြီး မြို့ပေါ်နေတဲ့ ဒေသခံတချို့ကို ပေါ်တာဆွဲ ဖမ်းဆီးတာမျိုးတွေ လုပ်လာတဲ့အတွက် ဒေသခံတွေ အတော်များများ စစ်ဘေးရှောင်ကြရတယ်လို့ ဒေသခံက ပြောပါတယ်။
“လက်ရှိ ကျွန်တော်တို့ ဒီနားမှာ ၁၂ ရွာပေါ့၊ အဲ့ ၁၂ ရွာ အပြင်ကို ဇီးကုန်းမြို့ပေါ်ကနေမှ ကန့်ဘလူ တောင်ဖက်ခြမ်း ရွာဖက်ခြမ်း ထန်းကုန်းဖက်အခြမ်းပေါ့ အဲ့မှာ ၁၂ ရွာ ရှောင်ရတယ်။ အဲ့မှာ ဇီးကုန်းကလည်း ပေါ်တာဆွဲတာဆိုတော့ မနေရဲကြတော့ ဇီးကုန်းမြို့ထဲကလည်း ဒီမှာ ကျွန်တော်တို့ဖက်မှာ စစ်ထပ်ရှောင်ကြတာပေါ့။ ၂၀၀၀၀ အထက်မှာတော့ ရှိမှာဗျ။ ကျွန်တော်တို့ အိမ်ခြေအင်အား အိမ်ထောင်စု အင်အား တွက်ကြည့်တာပေါ့။ ကျောက်တိုင် ကျီစုတင်ကိုက ကျွန်တောတို့ အိမ်ခြေ ၂၀၀၀ နီးနီးကပ်သွားတာကိုးဗျ။ အဲ့ဒါဆိုတော့ အဲ့ဖက်က လူဦးရေကိုတင် မနည်းဘူးပေါ့ဗျာ။”
ဆောင်းအဝင်ရာသီဥတုကြောင့် စစ်ဘေးရှောင်တွေ နာမကျန်းဖြစ်တာရှိကြပေမယ့် ဆေးဝါးမရှိတာကြောင့် မကုသပေးနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဘေးရှောင်တွေအတွက် စောင်နဲ့ အနွေးထည် အဝတ်အစား စတာတွေလည်း အများအပြားလိုအပ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ကန့်ဘလူမြို့နယ်အတွင်းမှာ ကားအဝင်အထွက်နဲ့ ဆေးဝါးဝယ်ယူမှု သယ်ဆောင်မှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ် စစ်ဆေးမှုတွေ ရှိနေတာကြောင့် စစ်ဘေးရှောင် စခန်းတွေအတွက် ဆေးဝါး မရရှိနိုင်ဖြစ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ဘေးရှောင် ၂၀၀၀၀ ကျော် ထပ်တိုးလာတဲ့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး လိုအပ်နေတဲ့ အခြေအနေကို ဒေသခံ တဦးက ခုလိုပြောပါတယ်။
“စားနပ်ရိက္ခာကလည်း ခုလက်ရှိမှာ ဒီဖက်မှာ ဆိုရင် စားနပ်ရိက္ခာ ဝယ်ယူရ ခက်ခဲတယ်။ ဆေးဝါးဆိုတာကလည်း ဘယ်နေရာ ကနေမှ ရထားတာလည်းမရှိဘူးပေါ့။ ကျွန်တော်တို့ ဒီဖက်မှာ အတတ်နိုင်ဆုံး ဒီက ကျန်းမာရေး တာဝန်ခံလေးတွေပေါ့ ကျန်းမာရေး တာဝန်ခံဆိုတာလည်း ဒီမှာ ကျန်းမာရေး စစ်ဆေးဖို့ လုပ်ပေးနေတဲ့ တာဝန်ခံ ဆရာ ဆရာမလေးတွေကိုပဲ အကုအညီတောင်းပြီးတော့ ကျွန်တော်တို့ တတ်နိုင်သလောက်လေး ရတဲ့ဟာလေးနဲ့ ကူညီပြီးတော့ လုပ်ပေးနေတာလေးတော့ ရှိပါတယ်။ ဒါပေမယ့် ကျန်းမာရေး မကောင်းတဲ့သူက များတော့ ဆေးဝါးလိုအပ်ချက်က အများကြီးပေါ့ဗျာ။ လက်ရှိမှာ မိုးနဲ့ ဆောင်းနဲ့ အကူးဆိုတော့ ကျန်းမာရေးက ဖောက်ကြတာများတယ်ဗျ။ ဆေးဝါးလိုအပ်ချက်ကတော့ တော်တော်များများရှိပါတယ်။”
စစ်ကောင်စီဘက်က ကန့်ဘလူ၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်းစတဲ့ ဒေသတွေမှာ တိုက်ပွဲတွေမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေသလို မြေပြင်စစ်ကြောင်းတွေပါ ပြန်ထိုးလာနေပြီးတော့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်တွေက ကျေးရွာတွေအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတာ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပြီး ထိခိုက်သူတွေ ကုသပေးနိုင်ဖို့ ဆေးဝါးလိုအပ်ချက်တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီဖက်ကတော့ အဲ့ဒီဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရှိနေလို့ နယ်မြေရှင်းလင်းရတာဖြစ်တယ်လို့ ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို နယ်မြေရှင်းလင်းမှုတွေကြောင့် စစ်ကိုင်းတိုင်းမှာ စစ်ဘေးရှောင်အရေအတွက်က နေ့စဉ်နဲ့အမျှ တဖြည်းဖြည်း တိုးလာနေပါတယ်။