ဆီးရီးယား Aleppo လေကြောင်း တိုက်ခိုက်မှု ဆက်ဖြစ်ပွား

လေကြောင်း တိုက်ခိုက်ခံနေရတဲ့ ဆီးရီးယားနိုင်ငံ Aleppoမြို့။ ( ဧပြီ ၂၉၊ ၂၀၁၆)

ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြို့တော် Aleppo ကို ဒီကနေ့မှာလည်း လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်ပါတယ်။ ဆေးရုံတခု ပျက်စီးသွားတဲ့ လေကြောင်း တိုက်ခိုက်မှု တခုဖြစ်အပြီး တရက်အကြာ အခုတိုက်ခိုက်မှုမှာ ဆေးခန်းတခုကို ထပ်ပြီး ထိမှန်ပါတယ်။

ကာလရှည် လူနာတွေနဲ့ သွားဘက်ဆိုင်ရာ ကုသမှုတွေပေးလာတာ ငါးနှစ်ရှိပြီဖြစ်တဲ့ ဆေးခန်းဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားပါ တယ်။ ဒဏ်ရာရသူတွေထဲမှာ သူနာပြု တဦးလည်း ပါဝင်ပါတယ်။

Aleppo မြို့ Bab al-Faraj ရပ်ကွက်က ဗလီတခုကို သူပုန်တွေ အမြောက်နဲ့ ပစ်တာကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံး ပြီး ၃၀ ဒဏ်ရာရသွားတယ်လို့ ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ပြောပါတယ်။

နောက်ထပ် တိုက်ခိုက်တာတွေရှိလာမှာကို စိုးရိမ်ကြတာကြောင့် သူပုန်တွေ သိမ်းထားတဲ့ ရပ်ကွက်တွေက ဗလီတွေမှာ သောကြာ နေ့ ဝတ်ပြုပွဲတွေကို ရပ်ဆိုင်းထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုက်ခိုက်မှုတွေကြောင့် လူ ၅၄ ယောက်သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့် ကြည့်လေ့လာရေး အဖွဲ့က ပြောခဲ့ချိန် ကတည်းကဆိုရင် ကြာသပတေးနေ့ဟာ Aleppo မှာ အသေအပျောက် အများဆုံးနေ့ ဖြစ်ပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေကို သူပုန်တွေက ဒုံးကျည်တွေ၊ အမြောက်တွေ နဲ့ပစ်ပြီး အစိုးရကလည်း သူပုန်တွေ ရှိတဲ့နေရာတွေကို လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်နေတာကြောင့် ဒီသီတင်းပတ်အတွင်း Aleppo မှာ အရပ်သား ၂၀၀ ထက်မနည်း သေဆုံးထားပါတယ်။