ယီမင်နဲ့ အယ်လ်ဂျီးရီးယား ဆန္ဒပြပွဲ အရှိန်မြင့်

ယီမင်နဲ့ အယ်လ်ဂျီးရီးယား ဆန္ဒပြပွဲ အရှိန်မြင့်

ယီမင်နိုင်ငံ ဆာနာ (Sana) မြို့တော်မှာ သမ္မတ အလီ အဗ္ဗဒူလာ ဆာလေ (Ali Abdullah Saleh) အစိုးရကို ဆန့်ကျင် ဆန္ဒပြနေကြတာ အခုဆိုရင် ၃ ရက်ဆက်တိုက် ရှိလာပြီ ဖြစ်ပါတယ်။ ဆန္ဒပြသူ အများစုဟာ တက္ကသိုလ် ကျောင်းသားတွေ ဖြစ်ပါတယ်။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့လည်ခေါင် ရင်ပြင်နားက သမ္မတ နန်းတော်ဆီကို ချီတက်ဖို့ ကြိုးစားကြရာက ရဲတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး အများအပြား နံပါတ်တုတ်တွေနဲ့ အရိုက်ခံခဲ့ရပါတယ်။

ယီမင်နိုင်ငံ တောင်ပိုင်းက Taiz မြို့မှာလည်း လူထုဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး အဲဒီမှာတော့ ဆန္ဒပြသူ ၁၂၀ လောက် ဖမ်းဆီးတာ ခံရပါတယ်။

ယီမင်သမ္မတ မစ္စတာ ဆာလေဟာ ၁၉၇၈ ခုနှစ်ကတည်းက အာဏာကို ချုပ်ကိုင်ခဲ့တာမို့ အီဂျစ်သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ထက် အာဏာရယူထားတာ ပိုကြာနေပြီ ဖြစ်ပါတယ်။

ယီမင်သမ္မတက သူ ၂၀၁၃ ခုနှစ်ကျရင် နှုတ်ထွက်ပေးဖို့ စီစဉ်ထားတယ်လို့ မကြာသေးခင်ကမှ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံတွေနဲ့ ဆွေးနွေးပြောဆိုဖို့လည်း သဘောတူခဲ့တာမို့ ဒါဟာ အယ်လ်ကိုင်းဒါးအဖွဲ့ လှုပ်ရှားနေတဲ့ အာရေဗျ ကျွန်းဆွယ်ဒေသ နိုင်ငံတနိုင်ငံဖြစ်တဲ့ ယီမင်မှာ အီဂျစ်ပုံစံ တော်လှန်ရေး ဖြစ်လာမှာကို ရှောင်ရှားတဲ့ အနေနဲ့ လုပ်ဆောင်တာလို့ အကဲခတ်တွေက ခန့်မှန်းကြပါတယ်။

အယ်လ်ဂျီးရီးယား နိုင်ငံမှာတော့ စနေနေ့က Algiers မြို့မှာ ဆန္ဒပြခဲ့သလို နောက်စနေဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း နောက်တချီထပ်ပြီး ဆန္ဒပြဖို့ စီစဉ်ထားတယ်လို့ အတိုက်အခံ ခေါင်းဆောင်တွေက ပြောပါတယ်။

စနေနေ့မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရ တားမြစ်ထားတဲ့ ကြားကပဲ ထောင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေရှေ့မှာ ၁၉၉၉ ခုနှစ်ကတည်းက အာဏာရယူထားတဲ့ သမ္မတ Ab dela ziz Bou tefli ka ဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

သူ့ကို အာဏာရှင်တဦးအဖြစ် ဆန္ဒပြသူ အများစုက မြင်ကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံတွေမှာ ဆန္ဒပြမှုတွေကို ပေါ်ပေါက်စေခဲ့တဲ့ ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ များလာတာမျိုး ပြဿနာတွေကို လျော့ကျအောင် မလုပ်နိုင်သူတဦးလို့လည်း မြင်ကြပါတယ်။

ဆန္ဒပြမှုတွေကို အတိုက်အခံ ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တရားဝင် မဟုတ်တဲ့ အလုပ်သမား သမဂ္ဂတွေက ဦးစီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံမှာ အရှေ့ကမ်းခြေ Annaba မြို့က တနင်္ဂနွေနေ့ ဆန္ဒပြပွဲတွေမှာ ရဲနဲ့ လူအုပ်ကြား ကျောက်တုံးတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ပွားခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ရပါတယ်။