ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ ကုလ တိုက်တွန်း

KNDF က ထုတ်ပြန်ထားသည့် ဓါတ်ပုံမှာတွေ့ရတဲ့ စစ်ကောင်စီဘက်က စစ်သုံ့ပန်းများ

စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မဟာမိတ်လက်နက်ကိုင်တွေအနေနဲ့ တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိသူတွေကို လူသားချင်းစာနာထောက်ထားစွာ ဆက်ဆံဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက တိုက်တွန်းပါတယ်။ လက်စားချေတာမျိုးကို လုံးဝတားဆီးရမှာဖြစ်ပြီး စစ်ကောင်စီတပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တပ်ဖွဲ့ဝင်တဦးချင်းစီအပေါ် ပုံချလို့မရကြောင်းလည်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားတာပါ။

နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာတဲ့ တချိန်တည်းမှာ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့ အရပ်သားတွေ အကာအကွယ် အပြည့်အဝရရှိရေး သက်ဆိုင်သူအားလုံးအနေနဲ့ အလေးထားလိုက်နာကြဖို့ လိုအပ်ကြောင်းလည်း ထောက်ပြထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရှမ်းပြည်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင်နီလို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံမှာ လက်နက်ချခဲ့ကြပါတယ်။

လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရင်းမှုးအပါအဝင် တပ်ဖွဲ့ဝင်အတော်များများ သေဆုံးပြီး၊ တပ်ခွဲမှုးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချခဲ့တယ်လို့ KNDF ကရင်နီပြည် အမျိုးသားများကာကွယ်ရေးတပ်က ဗွီဒီယိုမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ပါတယ်။ လွိုင်ကော်တက္ကသိုလ်အတွင်း ပိတ်မိနေတဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ကယ်ထုတ်ပေးနေတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

ဒါပေမဲ့လဲ ဒီနေ့မှာတော့ KNDF နဲ့ PDF တွေဟာ တက္ကသိုလ်ဝန်ထမ်းတွေ၊ ဆရာဆရာတွေ၊ ကျောင်းသူကျောင်းသားတွေကို အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်သွားကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ပါတယ်။