ကမ္ဘာတဝန်း အာဏာရှင်အစိုးရတွေက သတင်းထောက်တွေနဲ့ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ် ပိတ်ပင်အောင် အမေရိကန်သမ္မတက အားပေးနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ Amal Clooney ဝေဖန် လိုက်ပါတယ်။
သတင်းမီဒီယာတွေဟာ ပြည်သူ့ရန်သူတွေဖြစ်တယ်လို့ သမ္မတ Donald Trump ကနာမည်တပ်ပြီး သတင်း လောကကို ဖိနှိပ်တာခွင့်ပြုထားတယ်လို့ New York မြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ သတင်းထောက်များအသင်း ဆုပေးပွဲမှာ ရှေ့နေ့ Amal Clooney ကခုလိုပြောကြားခဲ့ပါတယ်။
“သက်ရောက်မှုတွေက ကျောချမ်းစရာကောင်းလောက်ကို ရှိနေပါတယ်။ မြန်မာနိုင်ငံတခုတည်းမှာ တင် မဟုတ် ပါဘူး။ ဝေးဝေးလံလံအထိကို ဖြစ်နေတာပါ။ မြောက်ကိုရီးယားကနေ၊ ဖိလစ်ပိုင်၊ ဟန်ဂေရီ၊ တူရကီနဲ့ ဘရာဇီး နိုင်ငံတွေမှာ အာဏာရှင်ဆန်တဲ့အစိုးရတွေက အလားတူဖိနှိပ်မှုတွေကို လုပ်နေကြပါတယ်။ အမေရိကန်သတင်း မီဒီယာဟာ ပြည်သူ့ရန်သူဖြစ်တယ်လို့ အမေရိကန်သမ္မတ ခေါင်းစဉ်တပ်ပြောနေတာက သတင်းလောကအပေါ် အာဏာရှင်အစိုးရတွေရဲ့ဖိနှိပ်မှုတွေကို ခွင့်ပြုရာရောက်နေပါတယ်။ လွန်ခဲ့တဲ့ ၂ လကပဲ အစ္စတန်ဘူမြို့က ကောင်စစ်ဝန်ရုံးကိုသွားတဲ့ Washington Post သတင်းစာတိုက်ရဲ့ သတင်းထောက် Jamal Khashoggi နှိပ်စက် သတ်ဖြတ် ခံခဲ့ရပါတယ်။”
Hollywood မင်းသား George Clooney ရဲ့ဇနီးဖြစ်တဲ့ ရှေ့နေ Amal Clooney ဟာ နိုင်ငံတကာမှာ ကျော်ကြားတဲ့ လူ့အခွင့်အရေး ရှေ့နေတယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာ ထောင်ချခံထားရတဲ့ Reuter’s သတင်း ထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အကျိုးဆောင်အဖွဲ့မှာ နိုင်ငံတကာ ဥပဒေအကြံပေး တယောက် အဖြစ် ဆောင်ရွက်နေပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အင်ဒင်ရွာနားမှာ မွတ်ဆလင် ၁၀ ဦး ဥပဒေမဲ့ အသတ်ခံရမှုကို သတင်းဖော်ထုတ်ဖို့ကြိုးစားနေတဲ့ သတင်းထောက် ၂ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီချခဲ့ပါတယ်။ ကုလသမဂ္ဂ သတင်းထောက်များအသင်းက Amal Clooney ကို ၂၀၁၈ ခုနှစ်ရဲ့ ဂုဏ်ထူးဆောင် ကမ္ဘာ့နိုင်ငံသားဆုချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒီဇင်ဘာ ၅ ရက်က ကျင်းပတဲ့ ဆုပေးပွဲမှာ ရှေ့နေ Clooney ကခုလိုသတင်းလွတ်လပ်ခွင့်နဲ့ လူ့ အခွင့် အရေးကို အသားပေးပြောသွားခဲ့တာပါ။ Saudi Arabia ကောင်စစ်ဝန်ရုံးထဲမှာ သတင်းထောက် Khashoggi အသတ်ခံ ရမှုမှာ Saudi အိမ်ရှေ့မင်းသားလက်ချက်ဖြစ်တယ်လို့ ပြောနေတဲ့အပေါ် အိမ်ဖြူတော်က မသိကျိုးကျွံ ပြုနေ တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ သူကလည်းအခုထပ်ပြီး မီးမောင်းထိုးပြခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5