မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်ပြည်ထောင်စုက ဆက်လက် ပံ့ပိုးပေးတဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ကယားပြည်နယ်လွိုင်ကော်မြို့ကို သွားရောက်ပြီး တနိုင်ငံလုံးအပစ်ရပ် လတ်မှတ် မထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့တွေ့ဆုံခဲ့ပါတယ်။ USAID ကပေးအပ်တဲ့ ဒေသဖွံ့ဖြိုးရေးအကူအညီပေးရေး ငါးနှစ်စီမံကိန်း အသစ် အတွက် ကယားပြည်နယ်ကိုသွားရောက်ခဲ့တဲ့ သံအမတ်ကြီးရဲ့ ခရီးစဉ်အကြောင်း ဆက်သွယ်မေးမြန်းထားတဲ့ ကိုစည်သူ ပြောပြပေးမှာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာငြိမ်းချမ်းရေးမြှင့်တင်ဖို့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အားပေးကူညီတဲ့အနေနဲ့သံအမတ်ကြီး Scot Marciel လာရောက်ခဲ့တာဖြစ်ပြီးတော့ နိုင်ငံရေးပြင်ဆင်မှု အခြေအနေတွေ ဒေသတွင်း ဖွံ့ဖြိုးရေးတွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်မှာ လတ်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။
"ကျွန်တော်တို့ကတော့ NCA လမ်းကြောင်းအတိုင်းဆက်သွားမယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ အခုလောလောဆယ်မှာ လတ်မှတ်ထိုးနိုင်တဲ့အနေအထားမရှိဘူး။ အဲဒါကို တပ်မတော်နဲ့ အစိုးရနားလည်နိုင်အောင် သူတို့အနေနဲ့ အတတ်နိုင်ဆုံး ဖျောင်းဖြပေးဖို့ပေါ့လေ။ အဲလိုမသွားနိုင်သေးတဲ့အချိန်မှာ ပြီးခဲ့တဲ့အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ Bilateral စာချုပ်နဲ့အပစ်ခတ်ရပ်စဲရေးပြည်ထောင်စုသဘောတူညီချက်တွေနဲ့ ထိန်းသိမ်းသွားလိုတဲ့ဆန္ဒရှိတယ် ။
ပြီးခဲ့တဲ့ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ပတ်သတ်ပြီးတော့မှတပ်မတော်ဖက်ကကော အစိုးရဖက် ကကော ကျွန်တော်တို့ လက်ခံလောက်တဲ့ ကျေနပ်လောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ပတ်သတ်လို့ NCA ဖြစ်ဖြစ်ပေါ့လေ Confident ရှိလာတဲ့တချိန်မှာ လတ်မှတ်ထိုးနိုင်တဲ့ အခြေအနေကိုရောက်ရှိလာမှာပေါ့လေ၊ ဒီလိုမရောက်ရှိသေးချိန်မှာတော့ ပြီးခဲ့တဲ့ Bilateral agreement နဲ့ထိန်းသွားမယ်ဆိုတာကို သူတို့အနေနဲ့လည်း ကူညီဆောင်ရွက်ပေးဖို့ပေါ့၊ ဒါတွေ ကျွန်တော်တို့ ပြောဖြစ်ပါတယ်။ "
၂၀၁၇ ဒီဇင်ဘာလအတွင်း တပ်မတော်နဲ့ KNPP ပဋိပက္ခဖြစ်ပွားခဲ့ပြီးတော့ KNPP ကတပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့တယ်လို့ KNPP ကထုတ်ပြန်ခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ငြိမ်းချမ်းရေးအတွက် အနှောက်အယှက် ဖြစ်ခဲ့ရကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းနိုင်ဖို့ အမေရိကန် သံအမတ်ကြီးနဲ့ ဆွေးနွေးဖြစ်ခဲ့ကြောင်း ဦးရွှေမျိုးသန့်ကပြောပါတယ်။
သံအမတ်ကြီး Scot Marciel ဟာလွိုင်ကော်ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသ အတွင်း ဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းသစ် စတင်တဲ့အခမ်းအနားမှာလည်း ပါဝင်ခဲ့ပါတယ်။
အမေရိကန်ဒေါ်လာ ၄၈ သန်းသုံးစွဲမည့် ဖွံ့ဖြိုးရေးအစီအစဉ်ဟာ ကယားပြည်နယ်ထဲက ကျန်းမာရေး၊ ပညာရေး ၊ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းတွေမှာ တိုးချဲ့ဆောင်ရွက်နိုင် လိမ့်မယ်လို့ ယုံကြည်ကြောင်း သံအမတ်ကြီး စကော့မာစီရယ် ရဲ့ လွိုင်ကော်မြို့မှာ ပြောကြားခဲ့တာကို အမေရိကန် သံရုံးရဲ့ လက်ထောက် ပြည်သူ့ရေးရာ အရာရှိ Aryani Manring ကအခုလို ပြန်ပြောပြပါတယ်။
" အမေရိကန်ဒေါ်လာ ၄၈ သန်းသုံးစွဲမယ့် USAID ရဲ့ ငါးနှစ်စီမံကိန်းသစ်စတင်ဖော်ဆောင်မယ့် အခမ်းအနားမှာ ဒေသခံအဖွဲ့အစည်းတွေနဲ့ သံအမတ်ကြီးတွေ့ဆုံခဲ့ပါတယ်။ သူပြောတာက အခုလိုလုပ်ဆောင်ချက်ဟာ မြန်မာပြည်သူတွေ အထူးသဖြင့် ပဋိပက္ခဘေးဒဏ်သင့် ပြည်သူတွေအတွက် အကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက ကာလရှည်ကြာထားရှိခဲ့တဲ့ သန္တွိဋ္ဌာန်ကို ဆက်လက်အကောင်အထည်ဖော်တာပါ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့ ဒေသခံအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဆွေးနွေးနေမှုတွေ တိုးတက်လာဖို့လည်း အမေရိကန်ပြည်ထောင်စုက ဆက်ပြီးတော့ အားပေးနေတယ်ဆိုတာပါ။"
သံအမတ်ကြီး မာစီရယ်ဟာ အခုခရီးစဉ်အတွင်း လူမှုကူညီရေးအဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဒေသတွင်းဖွံ့ဖြိုးရေး ၊ ငြိမ်းချမ်းရေးနဲ့ဆက်စပ်လုပ်ငန်းတွေမှာ အမေရိကန်အနေနဲ့ အကူအညီပေးရေး ကဏ္ဍတွေကို အဓိကဆွေးနွေးဖြစ်ခဲ့ကြောင်း ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က အခုလိုပြောပါတယ်။
" ကျွန်တော်တို့ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရေရှည်ဆောင်ရွက်နိုင်ဖို့ ဆိုတာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရဖို့ ဆိုတာကို သူနဲ့တွေ့တဲ့ အဖွဲ့တွေအားလုံးက တသံတည်းပေါ့လေ ဆွေးနွေးဖြစ်ပါတယ်။ အဓိကကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုရင် ပညာရေးတို့ အမျိုးသမီးရေးရာကိစ္စတို့ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်တဲ့ကိစ္စတို့ လူငယ်ဖွံ့ဖြိုးရေးတို့ နောက်တစ်ခုက စားဝတ်နေရေးနဲ့ပတ်သတ်ပြီးတော့ ဖန်တီးပေးနိုင်မယ့် အခွင့်အလမ်းကိစ္စတွေကို အဓိကထားပြီးတော့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ကျွန်တော်တို့ကိုပြောသွားပါတယ်ဗျ "
သံအမတ်ကြီး မာစီရယ်ဟာ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပြီးဒေသဖွံ့ဖြိုးရေး အကူအညီတွေနဲ့ ငြိမ်းချမ်းရေးကဏ္ဍတွေဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးကပြောပါတယ်။ ဒါ့အပြင် အခုခရီးစဉ်အတွင်း USAID ရဲ့အစီအစဉ်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ကျေးရွာတချို့ကိုသွားရောက်ခဲ့ပါတယ်။
သံအမတ်ကြီးဟာ အခုလအစောပိုင်းတုန်းကလည်း ကချင်ပြည်နယ်ကို ဒုတိယအကြိမ်မြောက် သွားရောက်ခဲ့ပါသေးတယ်။
Your browser doesn’t support HTML5