မြန်မာ့ဒီမိုကရေစီအရေး ကန်အခိုင်အမာအားပေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး Chuck Hagel (၁၃) ကြိမ်မြောက် အာရှလုံခြုံရေးညီလာခံမှာ တွေ့ရစဉ်။ (မေ ၃၁၊ ၂၀၁၄)

ဒီမိုကရေစီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အနီးကပ်ဆုံး မိတ်ဆွေနိုင်ငံတွေဖြစ်ကြပြီး သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း နေထိုင်သွားဖို့ ပိုပြီး ဖြစ်နိုင်ခြေရှိတာကြောင့် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုတွေကို မိမိတို့ ကြိုဆိုပါတယ်လို့ဆိုရင်း မြန်မာနိုင်ငံကို ထည့်သွင်းဖော်ပြပြီးတော့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Chuck Hagel ကပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ ဒေသတွင်း တခြားနေရာတွေမှာ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်မှုတွေရအောင် ဖော်ဆောင်နေတဲ့ ကျနော်တို့ရဲ့ မိတ်ဆွေတွေကို အမေရိကန်ပြည်ထောင်စုက အခိုင်အမာ ဆက်ပြီးထောက်ခံသွားမှာပါ။” လို့ မစ္စတာဟေဂဲလ်က ပြောပါတယ်။

စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ နှစ်ပတ်လည် ရှန်ဂရီလာဆွေးနွေးပွဲ တက်ရောက်လာတဲ့ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေကို စနေနေ့က ပြောတဲ့ မိန့်ခွန်းထဲ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အဲဒီလို ထည့်ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် တောင်တရုတ်ပင်လယ်မှာ မတည်မငြိမ်ဖြစ်စေတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုပြီးတော့လည်း တရုတ်နိုင်ငံကို စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ရေပြင်နယ်နမိတ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်တို့ဟာ မတည်မငြိမ်ဖြစ်စေတဲ့ တဖက်သတ် လုပ်ရပ်တွေကို လုပ်ခဲ့တယ်လို့ မစ္စတာဟေဂဲလ်ကဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ အငြင်းပွားမှုတွေကို ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။