သြဂုတ်လလယ်ထိ ဘိုးရင်း 737 Max ပျံသန်းမှု AA အမေရိကန်လေကြောင်း ရပ်ဆိုင်း

နယူးရောက်မြို့ LaGuardia လေဆိပ်ကို ဆင်းသက်တော့မယ့် American Airlines လေကြောင်းကုမ္ပဏီရဲ့ ဘိုရင်း 737 Max လေယာဉ် (မတ်လ ၁၂၊ ၂၀၁၉)

American Airlines လေကြောင်းကုမ္ပဏီကနေ ဘိုရင်း 737 Max လေယာဉ်အမျိုးအစားနဲ့ ပျံသန်းတဲ့ ခရီးစဉ်အားလုံးကို လာမယ့် သြဂုတ်လ ၁၉ ရက်နေ့ထိ ဆက်လက် ရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ဧပြီလ ၁၄ ရက်နေ့မှာ ကုမ္ပဏီက ကြေညာလိုက်ပါတယ်။

American Airlines လေကြောင်းလိုင်းအနေနဲ့ ဘိုရင်း 737 Max လေယာဉ်နဲ့ ပံျသန်းတဲ့ ခရီးစဉ်ပေါင်း တနေ့ကို ၁၁၅ လိုင်းရှိနေပြီး ဒီလေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒါဟာ ခရီးသွားလာမှု အများဆုံးဖြစ်တဲ့ နွေရာသီကာလအတွင်း လေယာဉ်ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာ ဖြစ်ပြီး တနေ့ကို American Airlines ပျံသန်းတဲ့ လေယာဉ်ခရီးစဉ် အားလုံးရဲ့ ၁.၅% ရှိနေတာ ဖြစ်ပါတယ်။

ဘိုရင်း 737 Max လေယာဉ်အမျိုးအစား လေယာဉ် နှစ်စင်း ပျက်ကျခဲ့ပြီးနောက် မတ်လ လယ်ကစပြီး ဒီလေယာဉ်အမျိုးအစားအားလုံး ပျံသန်းခွင့်ကို အမေရိကန်အစိုးရက ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ ဘိုရင်း ကုမ္ပဏီဘက်ကတော့ ဒီလေယာဉ်အမျိုးအစားရဲ့ ချို့ယွင်းချက်ကို ဧပြီလနှောင်းပိုင်းမှာ အပြီး ပြန်လည်ပြုပြင်ဖို့ ရည်မှန်းထားပါတယ်။ ဒါအပြင် FAA အမေရိကန်လေကြောင်း စီမံခန့်ခွဲရေးဌာနနဲ့ နိုင်ငံရပ်ခြား လေကြောင်းဆိုင်ရာ စီမံခန့်ခွဲသူတွေဆီကနေ အတည်ပြုချက်ရယူဖို့ ဒီလေယာဉ်အမျိုးအစားအတွက် ပြင်ဆင်ထားတာတွေကို ဘိုရင်းကုမ္ပဏီက တင်သွင်းရမှာဖြစ်ပါတယ်။

American Airlines လေကြောင်းကုမ္ပဏီမှာ ဘိုရင်း 737 Max လေယာဉ်ပေါင်း ၂၄ စင်းရှိနေပြီး အရင်က ဇွန်လ အစောပိုင်းအထိပဲ ဒီလေယာဉ်တွေပျံသန်းမယ့်အစီအစဉ်ကို ဖျက်သိမ်းထားတာဖြစ်ပါတယ်။ အခုလို ဖျက်သိမ်းတဲ့ကာလ တိုးမြှင့်လိုက်တာဟာ ခရီးသွားလာမှုအများဆုံးရာသီမှာ လေယာဉ်စီးသူတွေရဲ့ ယုံကြည်စိတ်ချမှုရဖို့အတွက် ဖြစ်တယ်လို့ American Airlines လေကြောင်းကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

Your browser doesn’t support HTML5

သြဂုတ်လလယ်ထိ ဘိုးရင်း 737 Max ပျံသန်းမှု AA အမေရိကန်လေကြောင်း ရပ်ဆိုင်း