ရိုဟင်ဂျာဒုက္ခသည်အရေး ကုလ-အမေရိကန် သံအမတ် စိုးရိမ်

American ambassador to the United Nations Samantha Power speaks to media in Freetown, Sierra Leone, Oct. 27, 2014.

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုအခြေအနေဟာ ဆက်လက်ဆိုးရွားလျှက်ရှိပြီး လူနည်းစု မွတ်ဆလင်တွေအပေါ် တိုက်ခိုက်ခဲ့သူများအပေါ် အရေးယူမှု မရှိသလောက်ဖြစ်နေတာ တွေ့ရတယ်လို့ တနင်္လာနေ့က ပြောလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်လို့ အထက်လွှတ်တော် ရီပတ်ဘလီကင်အမတ်အများစုခေါင်းဆောင် Mitch McConnell က ကြီးမှူးကျင်းပတဲ့ ကင်တာကီပြည်နယ်၊ Lousville တက္ကသိုလ်မှာ အခုလို သံအမတ်ကြီးပါဝယ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင် ၁ သိန်းကျော်တို့ဟာ အခြေအနေဆိုးရွားလှတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြရတဲ့အကြောင်းနဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားဖို့ စိစစ်ရာမှာလည်း ရိုဟင်ဂျာတွေအနေနဲ့ သူတို့ရဲ့လူမျိုးအမည်ရင်းနဲ့ မှတ်ပုံတင်ခွင့်မရတဲ့ အဆိုပြုချက် ဥပဒေကြမ်းကိုလည်း သူက ပြစ်တင်လိုက်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာအမည်ကိုလက်မခံဘဲ တဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်က တရားမဝင်ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေအဖြစ် သတ်မှတ်ခေါ်ဝေါ်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများအတွက် ဖိအားပေးရာမှာ အဓိကနိုင်ငံရေးပါတီကြီး ၂ ရပ်တို့ဖြစ်တဲ့ ရီပတ်ဘလီကင်နဲ့ ဒီမိုကရက်တို့ကြား ပူးပေါင်း ဆောင်ရွက်မှုကိုလည်း သံအမတ်ကြီး ပါဝဲလ်က မီးမောင်းထိုးပြသွားပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သတင်းထောက်တွေအနေနဲ့ ဖိနှိပ်ချုပ်ခြယ်ခြင်း ခံနေရတဲ့အကြောင်းလည်း သူက ပြောကြားသွားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ကတော့ အလှမ်းကွာဝေးဆဲရှိတယ်လို့လည်း သံအမတ်ကြီးက Power က ပြောခဲ့ပါတယ်။