ရုရှားနှင့် စစ်အေးခေတ် ဆက်ဆံရေး အမေရိကန် ပြန်မသွားလို

အမေရိကန်ကာကွယ်ရေးဝန်ကြီး Ash Carter (ဗဟို) နဲ့ ဂျာမန် ကာကွယ်ရေးဝန်ကြီး Ursula von der Leyen (ယာ) (ဇွန် ၂၂၊ ၂၀၁၅)

ရုရှားနိုင်ငံနဲ့ စစ်အေးခေတ်ကာဆီကို ပြန်သွားဖို့အတွက် ဆန္ဒမရှိသလို ပဋိပက္ခအသစ်တွေ ထပ်မံဖြစ်ပွားဖို့အတွက်လည်း ဆန္ဒမရှိဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံက ယူကရိန်းအပေါ် ကျူးကျော် ရန်လိုနေတဲ့ကိစ္စကို တန်ပြန်ဖို့အတွက် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာလည်း ထိရောက်မှု ရှိတယ်လို့ သူက ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ကာတာက ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပတဲ့ ညီလာခံတခုအတွင်း အဲဒီလို ပြောကြားလိုက်တာဖြစ်ပြီး အဲဒီမှာ ဂျာမန် ကာကွယ်ရေးဝန်ကြီး Ursula von der Leyen နဲ့လည်း တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီး ၂ ဦးဟာ နော်ဝေနဲ့ နယ်သာလန် ကာကွယ်ရေးဝန်ကြီးတွေနဲ့ တနင်္လာနေ့ နှောင်းပိုင်းမှာတွေ့ဆုံဖို့အတွက် Muenster ကို သွားကြမှာ ဖြစ်ပါတယ်။

အနောက်အုပ်စုအနေနဲ့ ရုရှားကို ရန်သူအဖြစ် သဘောထား ကြည့်မနေပေမယ့်လည်း လိုအပ်ရင် ခုခံကာကွယ်သွားမယ်လို့ ဝန်ကြီးကာတာက ပြောပါတယ်။

ရုရှားနဲ့ပတ်သက်လို့ အနောက်အုပ်စုဖက် စိုးရိမ်မှုကြီးထဲက ယူကရိန်းဟာ အစိတ်အပိုင်း တခုသာ ဖြစ်ကြောင်း၊ အဲဒါကြောင့်လည်း ပြတ်သားပြီး မျှတမှုရှိတဲ့ ချဉ်းကပ်နည်းနဲ့ မဟာဗြူဟာကျကျ ချဉ်းကပ်နေကြောင်း၊ ဒီ ချဉ်းကပ်မှုဟာ ရုရှားအနေနဲ့ ဘယ်သူ့ကိုမှ အတင်းအကြပ် နောက်ကြောင်း ပြန်လှည့်ခိုင်းလို့ မရနိုင်တဲ့ ချဉ်းကပ်မှုမျိုး ဖြစ်ကြောင်း၊ တချိန်တည်းမှာပဲ ရုရှားအနေနဲ့ အနာဂတ်ဆီကို ဦးတည်လာနိုင်အောင် အားပေးသွားမှာဖြစ်ကြောင်း ဝန်ကြီး ကာတာက ပြောပါတယ်။