အီဘိုလာ ဝေဒနာရှင် ကန်နိုင်ငံသား အမေရိကန် ပြန်ရောက်

အီဘိုလာကူးစက် ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား ဒေါက်တာ Kent Brantly (ဝဲ)

လိုင်ဘေးရီးယားနိုင်ငံက အီဘိုလား ဝေဒနာရှင်တွေကို ကုသနေရင်းက အဲဒီ ရောဂါပိုး ကူးစက်သွားခဲ့တဲ့ အမေရိကန် ဆရာဝန်ကို အမေရိကန်နိုင်ငံကို ပြန်လည် ခေါ်ဆောင်လာပြီ ဖြစ်ပါတယ်။

ဒေါက်တာ Kent Brantly ကို လိုင်ဘေးရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံတောင်ပိုင်း Georgia ပြည်နယ်ကို လူမမာသည်ဖို့ အထူး ပြင်ဆင်ထားတဲ့ လေယာဉ်နဲ့ စနေနေ့က ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။

Georgia ပြည်နယ်အတွင်း လေတပ် အခြေစိုက်စခန်းမှာ ဒေါက်တာ Kent Brantly ကို တင်ဆောင်လာတဲ့ လေယာဉ် ဆိုက်ရောက်ပြီးတဲ့နောက် သူ့ကို Atlanta မြို့မှာရှိတဲ့ Emory တက္ကသိုလ် ဆေးရုံကို အရေးပေါ် လူနာတင်ယာဉ်နဲ့ ချက်ခြင်း သယ်ဆောင်သွားခဲ့ပါတယ်။

အဲဒီ ဆေးရုံက ထုတ်ပြန်တဲ့ ဗွီဒီယို မှတ်တမ်းတွေအရ ရောဂါ ကူးစက်ခြင်းမရှိအောင် ဝတ်ထားပေးတဲ့ အဖြူရောင် ဝတ်စုံ ဝတ်ထားတဲ့သူ ၂ ဦး အဲဒီ အရေးပေါ် လူနာတင်ကားပေါ်ကဆင်းပြီး ဆေးရုံထဲ ဝင်သွားတဲ့ပုံတွေကို ပြသထားပါတယ်။

ဒေါက်တာ Kent Brantly နဲ့ တခြား အီဘိုးလား ရောဂါ ကူးစက်နေသူ အမေရိကန်နိုင်ငံသူ Nancy Writebol တို့ ၂ ဦးဟာ လိုင်ဘေးရီးယားနိုင်ငံမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေရာက အီဘိုးလားရောဂါ ကူးစက်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။ အနောက်အာဖရိကနိုင်ငံတွေမှာ မတ်လမှာ စတင် ဖြစ်ပွားခဲ့တဲ့ အီဘိုးလား ကပ်ရောဂါကြီးကြောင့် အနည်းဆုံး လူ ၇၀၀ ကျော် သေဆုံးပြီး ဖြစ်ပါတယ်။