မြန်မာ့ဒီမိုကရေစီရေး ကန်ဆက်လက်ကူညီသွားမည်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနကြီး အမြဲတန်း အတွင်းဝန် David Hale နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ် (သတင်းဓါတ်ပုံ - Myanmar State Counsellor Office)

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ကူးအသွင်ပြောင်းရေး၊ စစ်မှန်တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေးစတဲ့ကိစ္စတွေကို အမေရိကန် ပြည်ထောင်စုကဆက်ပြီး ကူညီပံ့ပိုးသွားမယ်လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်နဲ့ ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာနကြီး အမြဲတန်း အတွင်းဝန် David Haleက ပြောလိုက်ပါတယ်။

အတွင်းဝန် David Hale ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတို့နဲ့ မနေ့တုန်းက နေပြည်တော်မှာ သီးခြားဆီတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံလက်ရှိရင်ဆိုင်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာအခက်အခဲတွေ၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးပမ်းမှုအောင်မြင်ရေး၊ ရခိုင်နဲ့တခြား တိုင်းရင်းသားဒေသတွေက လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းတွေကို ကူညီဖြေရှင်းရေးစတာတွေကို အမေရိကန်အမြဲတန်းဝန် David Haleနဲ့ မြန်မာခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ ကိုယ်နေရပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်ရေး မြန်မာအစိုးရဘက်က ဖန်တီးပေးဖို့လိုတဲ့ အကြောင်း၊ လက်ရှိရခိုင်ပြည်နယ်အတွင်းက မတည်ငြိမ်တဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ဒုက္ခသည်တွေပြန်လာဖို့ အရေးကို အမေရိကန်ဘက်က စိုးရိမ်နေတဲ့အကြောင်း၊ ရခိုင်ပဋိပက္ခမှာ တာဝန်ရှိသူတွေကို ဖေါ်ထုတ်အရေးယူနိုင်ဖို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ကိုလည်း အမေရိကန်ဘက်က တောင်းဆိုတယ်လို့လည်း အမြဲတန်းအတွင်းဝန် David Haleက တယ်လီဖုန်းကတဆင့်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့ကပြောခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းက မြန်မာအစိုးရက အသိအမှတ်မပြုပါဘူး။ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ဒေါ်လာသန်း ၅၀၀ လောက် ကူညီထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီရေး ကန်ဆက်လက်ကူညီသွားမည်