ရပ်ဆိုင်းထားတဲ့ အမေရိကန် အစိုးရလုပ်ငန်းတွေ ပြန်လည်စတင်

အမေရိကန် အစိုးရ လုပ်ငန်းတွေ ပြန်လည် လည်ပတ်ရေး ဥပဒေကြမ်းကို သမ္မတ Donald Trump က လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တာကြောင့် သုံးရက်တာ အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်နားခဲ့ရမှု အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ကိစ္စ အပေါ် မပြေမလည် ဖြစ်တာကနေ အစိုးရ လုပ်ငန်းတွေ တစိတ်တပိုင်း ရပ်နားခဲ့ရတဲ့ အထိ ဖြစ်စေခဲ့တာပါ။

မနေ့ တနလာၤနေ့ အစောပိုင်းမှာ အမေရိကန် အထက်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ တနလာၤနေ့ နှောင်းပိုင်းမှာ မဲခွဲ အတည်ပြုခဲ့ကြတာပါ။ ယာယီ အသုံးစာရိတ်နဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ အစိုးရကို လည်ပတ်နိုင်မှာ ဖြစ်ပြီး ရေရှည် အစိုးရ အသုံးစာရိတ် အပေါ် သဘောတူညီချက် ရရေး လွှတ်တော် အတွက် အချိန်ရသွားစေပါတယ်။

နိုင်ငံအတွက် သတင်းကောင်း ဖြစ်တယ်လို့ အိုဟိုင်းယိုး ပြည်နယ် ကိုယ်စားပြု ဒီမိုကရက် အထက်လွှတ်တော် အမတ် Sherrod Brown က သတင်းထောက်တွေကို ပြောဆိုခဲ့သလို မိန်းပြည်နယ် ကိုယ်စားပြု ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် Susan Collins ကလည်း ဒီကနေ့ကတော့ နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

သမ္မတ Trump ကတော့ ကြေညာချက် ထုတ်ပြောဆိုတာမှာ လွှတ်တော်က ဒီမိုကရက်တွေဘက်က စစ်တပ်၊ နယ်ခြားစောင့်တပ်၊ အရေးပေါ် ကယ်ဆယ်ရေး တပ်တို့ကို အသုံးစာရိတ်ပေးဖို့ ဆန္ဒရှိလာကြပြီး အသိတရား ရလာကြတဲ့ အတွက် သိပ်ကို ဝမ်းသာတဲ့ အကြောင်း ဖော်ပြထားတာကို အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က ဖတ်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သမ္မတ Trump က ဒါဟာ ရီပတ်ပလီကန်တွေ အတွက် အောင်မြင်မှုကြီး ဖြစ်ပြီး လူတိုင်း အတွက် အောင်မြင်မှုကြီး ဖြစ်စေချင်လို့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

Your browser doesn’t support HTML5

ရပ်ဆိုင်းထားတဲ့ အမေရိကန် အစိုးရလုပ်ငန်းတွေ ပြန်လည်စတင်