လက်ပံတောင်းမီးသင့်သံဃာ ထိုင်းမှာ ဆေးကုသရေးစီစဉ်

မြန်မာနိုင်ငံအနောက်မြောက်ပိုင်း မုံရွာမြို့နယ်ဆေးရုံမှာ မီးလောင်ဗုံးသင့် သံဃာတော်များ ဆေးကုသမှု ခံယူနေစဉ်။ (နိုဝင်ဘာ ၂၉၊ ၂၀၁၂။)

လက်ပံတောင်းတောင်သပိတ်ဖြိုခွင်းခံရမှုမှာ ဒဏ်ရာ အပြင်းထန်ဆုံးရသွားခဲ့တဲ့ ဆရာတော် ဦးတိက္ခ ဉာဏကို ထိုင်းနိုင်ငံမှာ သွားရောက် ဆေးကုသနိုင်ဖို့အတွက် မိသားစုက ပြင်ဆင်နေပါတယ်။ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့ကိုသွားဖို့ စီစဉ်ထားတယ်လို့ သားဖြစ်သူက VOA ကိုပြောပါတယ်။ ခုလို ဆရာတော်သွားရောက် ကုသမှုအဆင်ပြေခဲ့ရင် မန္တလေးဆေးရုံမှာ ကုသနေဆဲ ဆရာတော် တချို့ ကိုလည်း နိုင်ငံခြားမှာ ဆေးကုသနိုင်ဖို့ ကြိုးစားမယ်လို့ လက်ပံတောင်းသံဃာ ကျန်းမာရေး စောင့်ရှောက်မှုကော်မတီက ပြောပါတယ်၊ အပြည့်အစုံကို စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

သံဃာတော် ရာနဲ့ချီ မီးလောင်ဒဏ်ရာတွေ ရသွားခဲ့ကြတဲ့ မုံရွာခရိုင်ထဲက လက်ပံတောင်းသပိတ် စခန်း ဖြိုခွဲမှုအတွင်း အဆိုးဆုံး မီးလောင် ဒဏ်ရာရရှိထားတဲ့ ဆရာတော် ဦးတိက္ခဉာဏကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံမှာ သွားရောက်ဆေးကုသပေးမယ့်အကြောင်း သားဖြစ်သူ ဒေါက်တာ နေသူရိန် က VOA ကို ခုလို ပြောပြပါတယ်။

“ဘုန်းဘုန်းကြီးက ၂၉ ရက်နေ့က ဖြစ်တာဆိုတော့လေ- ဒီနေ့ပဲ (၁၃) ရက်မြောက်ရှိနေပြီ။ ရှိတဲ့ အခါကျတော့ အရေပြားတွေက တချို့ကကျတော့ အရေပြား အစားထိုးကုတာတို့ ဘာတို့ လိုအပ်မှာ ဆိုတဲ့အခါကျတော့လေ- အဲဒါတွေကြောင့်ပါခင်ဗျ။ နောက် ဆီးချိုလည်း နည်းနည်းရှိတော့လေ- တတ်နိုင်ရင်တော့ ဒီမှာလည်း ကောင်းကြပါတယ်။ ဒါပေမဲ့ ပိုကောင်းမယ့်နေရာကို သွားချင်ပါတယ် ခင်ဗျ။”

ဆရာတော် ဦးတိက္ခဉာဏဟာ မျက်နှာကလွဲလို့ ခန္ဓာကိုယ်ရဲ့ တကိုယ်လုံးနီးပါး မီးလောင်ဒဏ် ရာ ကြောင့် မန္တလေးဆေးရုံကြီးကို ပထမဆုံးရောက်လာသူဖြစ်ပါတယ်။ အခုလို ထိုင်းနိုင်ငံမှာ သွားပြီး ဆေးကုသနိုင်ဖို့ မိသားစုအပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စေတနာရှင်တွေက ဝိုင်းပြီးစီစဉ်ပေးကြတာ ဖြစ်ပါတယ်။

“အမေဒေါ်အောင်ဆန်းစုကြည်က စီစဉ်ပေးပါတယ်ဗျ။ အစိုးရကတော့ ကျနော် မသိဘူး။ အမေ ကတော့ ဒေါ်လာ ၃,၅၀၀ ထောက်ပံ့ပါတယ်ခင်ဗျ။ မန္တလေး-လက်ပံတောင်းတောင် မီးဘေးသင့် ကူညီရေး ကော်မတီက သိန်းငါးဆယ် ကူညီပါတယ်ခင်ဗျ။ အရင်ကတော့ ဘန်ကောက်ဆေးရုံကြီး ကိုပဲ ဆေးကုဖို့ ပြင်ထားတာပေါ့နော်။ ဒါပေမဲ့ မနေ့က ဆရာဦးတင်မျိုးဝင်း ဆိုတာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ဆရာဝန်ကြီးပါခင်ဗျ။ သူက ယိုးဒယားသံအမတ်ကြီးကို မေးကြည့်ပြီး ဘယ်ဆေးရုံ အဆင်ပြေလဲ ဆိုတာ- သူက ဒီဆေးရုံကြီးပဲ အဆင်ပြေတယ်ဆိုတော့ ကျနော်တို့လည်း ဒီဆေးရုံကိုပဲ ပြန်ဆင်ပါတယ် ခင်ဗျ။ ဘန်ကောက်ဆေးရုံကြီးပဲ ပြန်စီစဉ်ထားတာပါ။”

ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ဘန်ကောက်မြို့ကို သွားဖို့ စီစဉ်ထားတယ်လို့ ဆရာတော် ဦးတိက္ခဉာဏ ရဲ့ သား ဒေါက်တာနေသူရိန်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ခုလို သွားရောက်ကုသမှု အဆင်ပြေတယ်ဆိုရင် နောက်ထပ် သံဃာ ၅ ပါး နိုင်ငံခြားမှာ ဆေးကုဖို့ အစီအစဉ်ရှိတယ်လို့ လက်ပံတောင်း သံဃာတွေအတွက် ဖွဲ့ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီက ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

“ပထမဦးဆုံးတစ်ပါး သွားလို့ အဆင်ပြေရင်တော့ ကျန်တာ အကုန်သွားလို့ ရမှာပဲ၊ ဆရာတော်ကြီး ဦးတိက္ခပြီးရင် အဆိုးဆုံး ငါးပါး ရှိတယ်ဗျ။ သူတို့က မျက်နှာနဲ့ မေးရိုးမှာလေ။ တကိုယ်လုံးကို လောင် သွားတဲ့သူတွေရော၊ အောက်ပိုင်းတပိုင်းလုံး လောင်သွားတဲ့သူတွေ ငါးပါးလောက် ရှိသေးတယ်။”

မေး။ ။ သူတို့အခြေအနေရော သက်သာလာလား ဘုရာ့။

“သက်သာပါတယ်။ ဆေးကောင်းဝါးကောင်းတွေတော့ သုံးတယ်ဗျ။ လူနာရှင်တွေနဲ့ ပြည်သူလူထုရဲ့ စိုးရိမ်မှုကြောင့်လား၊ နိုင်ငံခြားက---ဆေးရုံက အာမခံမှုတော့ တော်တော် ရဲတယ်။”

လောလောဆယ် မန္တလေးဆေးရုံကြီးမှာ သံဃာ ၂၅ ပါး၊ ကန်တော်နဒီ ဆေးရုံမှာ ၂၅ ပါး စုစုပေါင်း သံဃာ အပါး ၅၀ ဆေးကုသမှု ခံနေဆဲဖြစ်ပါတယ်။ ခုလို သံဃာတွေ ဒဏ်ရာ အနာတရဖြစ်အောင် သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်လို့ ဒဏ်ရာရသံဃာတွေကို တိုက်ရိုက် တောင်းပန်ခြင်းမရှိဘူးဆိုရင် ဗုဒ္ဓဟူးနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ သံဃာတွေ သပိတ်မှောက်ကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာလှုပ်ရှားမှု သံဃာ့ဦးဆောင်ကော်မတီက ဆော်သြမှုတွေ ထွက်ပေါ်နေတယ်လို့ မန္တလေးမြို့မှာရှိတဲ့ သံဃာတွေက မိန့်ပါတယ်ရှင်။