မြန်မာ့သယံဇာတ အစီရင်ခံစာ

နော်ဝေအခြေစိုက် သယံဇာတ ထုတ်ဝေမှု ပွင့်လင်းမြင်သာရေးအဖွဲ့ Extractive Industries Transparency Initiative (EITI) မှာ မြန်မာအစိုးရဟာ ၂၀၁၄ ခုနှစ်က အဖွဲ့ဝင်လောင်း ဖြစ်လာပါတယ်။ အစီရင်ခံစာထုတ်ဖို့ တာဝန်ရှိတာမို့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် (၁၄၄) မျက်နှာ မြန်မာ့သယံဇာတအစီရင်ခံစာကို လွန်ခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ပါတယ်။ ဒီ အစီရင်ခံစာကိုကြည့်ရင် ရေနံဓါတ်ငွေ့လို သယံဇာတလုပ်ငန်းမှာ အကြီးအကျယ် အလွဲသုံးစားလုပ်နိုင်တာကို အထင်အရှား တွေ့ရပါတယ်။ နိုင်ငံပိုင်လုပ်ငန်းကြီးတွေဟာ ဝင်ငွေ (၅၈) ရာခိုင်နှုန်းကို အစိုးရကို မအပ်ဘဲ သီးခြားဘဏ်စာရင်း လုပ်ထားပါတယ်တဲ့။

သယံဇာတဝင်ငွေကို သီးခြားဘဏ်စာရင်းမှာထားတဲ့ စွမ်းအင်ဝန်ကြီးဌာနဟာ အစိုးရထက်ပိုပြီး ငွေကြေးအင်အား ကောင်းသလို ဖြစ်နေတာဟာ NLD အစိုးရ ကိုင်တွယ်ရမယ့် ပြဿနာတခု ဖြစ်ပါတယ်။ သယံဇာတကုမ္ပဏီတွေကပေးတဲ့ အချက်အလက်နဲ့ အစိုးရဌာနအဖွဲ့အစည်းကရတဲ့ အချက်အလက်တွေကို ညှိနှိုင်းပြီး လူမှုစီးပွားရေးအထောက်အကူပြုဖို့ အစီရင်ခံစာ ရေးရတာလို့ ဆိုပါတယ်။ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အမျိုးသားအကျိုးစီးပွားရှေ့ရှုမှု၊ ပြည်သူ့သဘောထားလေးစားမှု စတဲ့ EITI အခြေခံမူတွေဟာ ဒေါ်လာဗိုလ်ချုပ်တွေရဲ့ လုပ်ပုံကိုင်ပုံနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ သယံဇာတကရတဲ့ ဝင်ငွေဟာ ကျပ်သန်းပေါင်း (၃) သန်းကျော် ရှိတယ်လို့ ဖော်ပြပါတယ်။ ဒီအထဲမှာ ရေနံဓါတ်ငွေ့က အများဆုံး (၈၅) ရာခိုင်နှုန်း ရှိပါတယ်။ ကျောက်မျက် နဲ့ ကျောက်စိမ်းဝင်ငွေက (၁၃) ရာခိုင်နှုန်းရှိပြီး အခြားတွင်းထွက်ပစ္စည်းက (၂) ရာခိုင်နှုန်းသာ ရှိပါတယ်။ အစိုးရဝင်ငွေ စုစုပေါင်းရဲ့ (၂၄) ရာခိုင်နှုန်းဟာ သယံဇာတက ရတာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ ရောင်းရငွေ ဒေါ်လာသန်း (၃၃၀၀) ရှိပြီး၊ ကျောက်စိမ်းရောင်းရငွေ ဒေါ်လာသန်း (၁၀၀၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ သယံဇာတကုမ္ပဏီတွေကပေးတဲ့ အခွန်ငွေကို အမြတ်ခွန်ဌာန နဲ့ အကောက်ခွန်ဌာနက မဖော်ပြလို့ ချန်လှပ်ထားရတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းမှာလည်း (၂၀) ရာခိုင်နှုန်း အခွန်စည်းကြပ်တာကို မဖော်ပြဘဲ၊ ကျောက်မျက်ပြခန်းကရတဲ့ အချက်အလက်ကိုသာ ဖော်ပြလို့ မပြည့်စုံတဲ့ အစီရင်ခံစာ ဖြစ်နေပါတယ်။

မြန်မာ့သယံဇာတအဖွဲ့က စာရင်းစစ်အစီရင်ခံစာ တင်ပြဖို့ မေတ္တာရပ်ခံတာကို ကုမ္ပဏီ (၃) ခုကသာ လိုက်လျောပါတယ်။ MPRL, Petronas နဲ့ Xie Family တွေသာ စာရင်းစစ်အစီရင်ခံကို တင်ပြပါတယ်။ အစိုးရအဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေဟာ EITI အဖွဲ့က မေးတာကို မဖြေကြောင်း စာရင်းစစ်ချုပ်ကို တိုင်တဲ့အခါမှာ သယံဇာတကုမ္ပဏီတခုချင်းရဲ့ အချက်အလက်ကို ဘဏ္ဍာရေး နဲ့ အခွန်ဌာနကတောင် ပေးနိုင်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သယံဇာတကုမ္ပဏီတွေရဲ့ ဝင်ငွေကိုလည်း ဘဏ္ဍာရေး နဲ့ အခွန်ဌာနက မဖော်ပြနိုင်ဘူးလို့ အစီရင်ခံစာမှာ ရေးထားပါတယ်။ ကာလပေါက်ဈေးနဲ့ တွက်ရင် ရေနံဓါတ်ငွေ့ ဒေါ်လာသန်းပေါင်း (၇၅၀၀၀) ဖိုးလောက် မြန်မာပြည်မှာ ရှိနေပါတယ်။ နိုင်ငံပိုင် ရေနံဓါတ်ငွေ့လုပ်ငန်းဟာ ပုဂ္ဂလိက ကန်ထရိုက်တာတွေနဲ့တွဲပြီး ဆောင်ရွက်နေတာကြောင့် စာရင်းအင်း မပြည့်စုံတာတွေ များနေပါတယ်။

ရတနာ နဲ့ ရဲတံခွန်ဓါတ်ငွေ့တွင်းကို နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ပြီး ထိုင်းကို ဓါတ်ငွေ့ရောင်းနေတာ (၁၆) နှစ် ရှိနေပါပြီ။ နောက် (၁၄) နှစ်ကြာရင် ဓါတ်ငွေ့ကုန်ခမ်းမယ်လို့ ခန့်မှန်းပါတယ်။ မုတ္တမပင်လယ်ကွေ့က ထိုင်းနဲ့မြန်မာ ဖက်စပ် ဇောတိကဓါတ်ငွေ့ကိုတော့ (၂၀၁၄) မှာ ထိုင်းကို စတင်တင်ပိုပြီး ပြည်တွင်းသုံးအတွက်လည်း ဖြန့်ဝေပါတယ်။ ထိုင်းက (၈၀) ရာခိုင်နှုန်း၊ မြန်မာက (၂၀) ရာခိုင်နှုန်း ပိုင်တဲ့ ဓါတ်ငွေ့တွင်း ဖြစ်ပါတယ်။ ရခိုင်ကမ်းလွန်က ရွှေဓါတ်ငွေ့ကို (၂၀၁၄) ဇန်နဝါရီလမှာ စတင်ထုတ်ယူပြီး တရုတ်ပြည်ကို အနှစ် (၃၀) စာချုပ်နဲ့ တင်ပို့နေပါတယ်။ ချောက်၊ ရေနံချောင်း နဲ့ မာန်ရေနံဓါတ်ငွေ့ကိုလည်း ဆက်လက်ထုတ်ယူနေပါတယ်။ ရေနံဓါတ်ငွေ့ကန်ထရိုက်ကို ဖော်ပြဖို့ ဥပဒေပြဌာန်းတာမျိုး မရှိပါဘူး။ ကန်ထရိုက်စာချုပ်မှာ ဖော်ပြခြင်းမပြုဖို့ သဘောတူတာမို့ မဖော်ပြကြဘူးလို့ ဆိုပါတယ်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ဓါတ်ငွေ့ရောင်းရငွေ (၃) မျိုး ဖြစ်နေတာကိုလည်း ဖော်ပြထားပါတယ်။ ဓါတ်ငွေ့ရောင်းရငွေ ဒေါ်လာသန်းပေါင်း (၃၆၀၀) ကျော် ရတယ်လို့ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းက ဆိုပါတယ်။ အကောက်ခွန်ဌာနက ဒေါ်လာသန်း (၃၇၀၀) ကျော်ဝင်တယ်ဆိုတော့ သန်း (၁၀၀) ပိုများနေပါတယ်။ ဗဟိုစာရင်းအင်းဌာနရဲ့ မနှစ်ကထုတ်တဲ့ စာရင်းမှာ ဒေါ်လာသန်း (၃၃၀၀) သာ ဝင်တယ်ဆိုလို့ သန်း (၄၀၀) နည်းနေပြန်ပါတယ်။ အစိုးရဌာန (၃) ခုမှာ ဓါတ်ငွေ့ရောင်းရငွေ (၃) မျိုး ကွဲနေရတဲ့ အကြောင်းရင်းကို မြန်မာ့သယံဇာတအဖွဲ့ EITI က စုံစမ်းမေးမြန်းဖို့ လိုပါတယ်။

အခုမှ တနှစ်စာဝင်ငွေကို ဖော်ပြတဲအတွက် မဖော်ပြတဲ့ လွန်ခဲ့တဲ့ အနှစ် (၂၀) က သယံဇာတဝင်ငွေ ဘယ်ရောက်နေသလဲလို့ မေးစရာ ရှိပါတယ်။ မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းဟာ ၁၉၉၂ က စင်္ကာပူမှာ ဘဏ်စာရင်း ဖွင့်ပါတယ်။ ရတနာဓါတ်ငွေ့အတွက်ရတဲ့ စရံငွေ ဒေါ်လာ (၁၅) သန်းနဲ့ ဘဏ်စာရင်းဖွင့်တယ်လို့ သုတေသီ Dennis Berstein နဲ့ Leslie Kean တို့က ၁၉၉၆ မှာ စာတမ်းထုတ်ပါတယ်။ အဲဒီနောက် စင်္ကာပူဘဏ်စာရင်းကို ဓါတ်ငွေ့ဒေါ်လာရော၊ မသမာငွေကြေးရော ကုဋေနဲ့ချီပြီး လှိမ့်ဝင်လာပါတယ်။ ဗမာစစ်ဗိုလ်ထဲမှာ သန်းကြွယ်သူဌေးကြီးတွေ ရှိလာပါတယ်။ အနှစ် (၂၀) လျှို့ဝှက်ထားတဲ့ စစ်အုပ်စုရဲ့ ဒေါ်လာငွေစာရင်းကိုလည်း စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။