SEA Games မြန်မာ အမျိုးသား ဘောလုံးအသင်း ရှုံးနိမ့်မှု အပေါ် သုံးသပ်ချက်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ SEA Games အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာမှာ မြန်မာပရိသတ်က အမျိုးသားဘောလုံးအသင်း အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပေမဲ့ အရှုံးနဲ့ အုပ်စုပွဲစဉ်ကနေ ထွက်ပေးခဲ့ရတဲ့အပေါ်မှာ စိတ်ထိခိုက်မှု၊ မကျေနပ်မှုတွေလည်း ဖြစ်ခဲ့ကြရပါတယ်။

ဒီလိုမျိုး အင်ဒိုနီးရှားအသင်းကို ရှုံးနိမ့်ခဲ့ရတာဟာ နည်းပြရဲ့ မှားယွင်းမှုတွေကြောင့် ဖြစ်တဲ့အကြောင်း အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) ကို ဗွီအိုအေက တွေ့ဆုံမေးမြန်းချိန်မှာ အခုလို ပြောပါတယ်။

“ဟိုလူ့အပြစ် ဒီလူ့အပြစ်ပြောရတာတော့ သိပ်တော့မကောင်းဘူးပေါ့လေ။ ဒါပေမဲ့လည်း အပြစ်တွေက ရှိကြတာပေါ့။ အဲ့ဒီနေ့မှာ ကိုင်တွယ်သွားတဲ့နည်းပြရဲ့လုပ်ရပ်ကို မကြိုက်ဘူးပေါ့။ နည်းပြက ပတ်ဆောင်ဝှာ။ သူက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒီအသင်းနှစ်သင်းပြိုင်လို့ နိုင်တဲ့အသင်းက နောက်တဆင့်တက်မယ်။ ရှုံးတဲ့အသင်းက ထွက်ရမယ်ဆိုတာ သူမသိပါဘူးလို့ ပြောတယ်လို့ပြောတယ်။ အဲ့ဒါကတော့ နည်းပြဆရာတစ်ယောက်ရဲ့ ကျင့်ဝတ်မဟုတ်ဘူးပေါ့။ သူက ကစားခိုင်းတော့လည်း ကလေးတွေက ကစားရတာလေ။ သူ ကစားခိုင်းလိုက်တဲ့သူတွေက လိုအပ်တဲ့ အရည်အချင်း မပြည့်မှီတော့ နိုင်အောင်မကစားနိုင်ဘူး။ ဒါကလည်း ဒုတိယအချက်ပေါ့။ ဗမာအသင်းက တိုက်စစ်ကို မရှိဘဲနဲ့ ကစားတာ။ ကြည်လင်က နာနေတယ်။ ကျော်ကိုကိုက သူနဲ့ ကတောက်ကဆ ဖြစ်ထားတော့ ထည့်မသုံးဘူး။ ရှေ့တန်းမှာ ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူးပေါ့လေ ဘောလုံးစကားနဲ့ပြောရရင်။”

“နှစ်ယောက်မပါဘဲနဲ့ ခံစစ်ပဲ ကစားသွားတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါပေမဲ့ နည်းပြဆရာကောင်းတယောက်ဆိုရင် အသင်းတသင်းလုံးက မိနစ် ၉၀ လုံးလုံး ခံကစားဖို့ ခက်တယ်ဆိုတာ သူ သိဖို့လိုတယ်။ အခုလိုပဲ မတော်တဆ Penalty တွေ ဘာတွေပေးလိုက်ရတဲ့အခါကျတော့ အရှုံးနဲ့ရင်ဆိုင်တွေ့ရော။ ခံစစ်ကစားဖို့ချထားတဲ့ အခု အခင်းအကျင်းထဲက တိုက်စစ်ပြန်ကစားဖို့ဆိုတော့လည်း ဘယ်လိုမှမရဘူး။ ကျနော်တို့အသင်း ရှုံးတယ်။ ဗမာပြည်တပြည်လုံး ယူကျုံးမရ ဖြစ်ကြရတယ်။ ဒါက ရလဒ်ကြီးကျန်နေခဲ့တာ။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ပေါ့နော် တကယ့် စည်းစနစ်တကျ စီမံခန့်ခွဲပေးဖို့လိုတယ်။ အခုဟာက ကျနော်တို့မြန်မာပြည်မှာက အစွန်းနှစ်ဘက်ရှိတယ်။ ဘောလုံးအသင်းနဲ့ပတ်သက်ရင်။ ဟိုးအစောပိုင်းက ဘောလုံးအသင်း လူရွေးတာကအစ လူနေရာချထားတာကအစ နည်းပြဆရာမပြောရဘူး။ ဟိုးအထက်ဆရာကြီးတွေက တယောက်တမျိုးပြောကြတယ် တယ်လီဖုန်းတွေနဲ့ဆက်ပြီး သူတို့ပြောသလို လိုက်လုပ်ရတာ။ အခုကျတော့ အဲ့ဒါကို ဖယ်လိုက်ပြီးတော့ နည်းပြဆရာ တက်ခိုင်းတာတက်၊ ခင်ဗျားကြိုက်တာလုပ်ပါ။ နိုင်ဖို့ပဲလိုတယ်။ အပ်လိုက်တယ်။ အခု ပတ်ဆောင်ဝှာကိုလည်း အဲ့လိုပဲ အပ်ထားတာပဲ။ ခက်တော့ခက်သားပဲဗျ။ လူကြီးလုပ်တဲ့သူတွေကလည်း ဥက္ကဌ ဦးဇော်ဇော်တို့ ဘာတို့ကတော့ ဒီလောက်ထိ အောက်ဆင်းပြီး အသေးစိတ် စီမံခန့်ခွဲနိုင်မယ် မထင်ဘူးလေ။ အဲတော့ အသီးသီး တာဝန်ပေးထားတဲ့သူတွေက ကိုယ့်တာဝန်ကိုယ်ကျေအောင် လုပ်သွားကြဖို့လိုတယ်။ မြန်မာနိုင်ငံမှာပဲ ၂၀၁၄ ခုနှစ်ထဲမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ သတ်မှတ်ထားတဲ့ပွဲတွေရှိသေးတယ်။ အဲ့ဒါ ဗမာအသင်းလည်း ပါမှာပဲ။ အဲ့ဒီကျရင်တော့ အခုလိုအဖြစ်မျိုး ထပ်မဖြစ်အောင် စဉ်းစားထားကြဖို့ လိုတာပေါ့ဗျာ။”

“ဒီနေ့မှာ ဗမာဘောလုံးအသင်းနိုင်မယ်၊ အကြိုဗိုလ်လုပွဲ တက်ရမယ်ဆိုတာ တို့လည်းယုံတယ်။ ရှုံးတော့ တို့လည်း ခံစားရတာပဲ။ ဒီပွဲကြည့်ပရိသတ်က ပိုဆိုးတာပေါ့။ သူတို့မှာ ဒီပွဲလေးတစ်ပွဲ လက်မှတ်လေးတစ်စောင်ရဖို့အတွက် ခက်ခက်ခဲခဲ ဝယ်ပြီးတော့ ဘောလုံးပွဲကြည့်ရုံသက်သက် မဟုတ်ဘူး သူတို့လာတာက ဗမာအသင်းကို နိုင်ဖို့ အားပေးဖို့လာတာ။ ရှုံးသွားတယ်၊ ပေါက်ကွဲတယ်။ ဒီ ဆူပူတာတွေ၊ အကြမ်းဖက်တာတွေ တို့မလိုလားဘူး။ မကြိုက်ဘူး။ ဒါပေမဲ့ အဲ့ဒီနေ့ကဖြစ်တာကိုတော့ ပရိသတ်အပေါ်မှာ သိပ်အပြစ်မမြင်ချင်ဘူး။ ဘာကြောင့်ဖြစ်တာလဲ။ အလိုအလျောက် တမင်သက်သက် ဆူပူချင်လို့ဖြစ်တာလား၊ ဒါမှမဟုတ် သူတို့တင်မကဘူး ဗမာပြည်တပြည်လုံး မျှော်လင့်ထားတဲ့ ဘောလုံး အသင်းကြီးက မနိုင်ဘဲနဲ့ ရှုံးသွားလို့ဖြစ်တာလား။ အဲ့ဒီဟာကိုကြည့်ရင်တော့ ဒီလူတွေကို သက်သက်ညှာညှာ စဉ်းစားသင့်တာပေါ့လေ။ ဒါပေမဲ့ နိုင်ငံတော်အလံတွေ ဘာတွေ မီးရှို့တယ်ဆိုတာတော့လည်း မကောင်းဘူးပေါ့။ ဒီလူတွေပဲ ဘောလုံးကွင်းမဖွင့်ခင် ဗမာအသင်း အထဲဝင်တော့ ဒီ လူ ၃ သောင်းခွဲလောက်ရှိတဲ့ ပရိသတ်ကြီးဟာ အားရပါးရဟစ်ကြွေးပြီး နိုင်ငံတော်သီချင်းဆိုပြီးတော့ ဂုဏ်ပြုတာလည်း ဒီလူတွေပဲလေ။”

“တို့က SEA Games နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဟုတ်လား ၁၉၇၇ ခုနှစ်ကတည်းကိုက အဲ့ဒီတုန်းက တတိယရဖူးတယ်ပေါ့ကွာ။ အခုအချိန်ထိ ၂၀၁၃ အထိ မြန်မာလက်ရွေးစင်ဘောလုံးအသင်း အဆက်ဆက်က ရွှေတံဆိပ်မရဖူးဘူး။ ရှေ့မတိုင်ခင်တုန်းကတော့ ၇၅ ခုနှစ်လောက်အထိမှာ ရွှေတံဆိပ်တွေအများကြီး အာရှအားကစားပွဲမှာရော၊ မာဒေးဂါးပွဲမှာရော၊ ပတ်ချုံဟီးပွဲမှာရော၊ ကျွန်းဆွယ်ပွဲတွေမှာ အများကြီးရခဲ့ပြီးတော့ ဒိုင်းကနဲဆို ၇၇ ခုနှစ်ကစပြီးတော့ အခုအချိန်အထိ ရွှေတံဆိပ်မရခဲ့သေးဘူး။ အားကစားဆိုတာက ကစားမယ့်သူရှိမှ အခုဟာက ကစားမယ့်သူမရှိဘဲ အတင်းကို လူတွေကို ကစားခိုင်းပြီး ကောင်းအောင်လုပ်နေရတဲ့ အနေအထားမျိုး။ ဒီလူငယ်ကျောင်းသားတွေ၊ တပ်မတော်သားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ သူတို့ဘာမှမှ အားကစားမလုပ်တော့ရင် ဘယ်လိုလုပ်ပြီး အားကစားလောက တိုးတက်မှာလဲ။ ဒီအထဲမှာ ဘောလုံးလည်း အပါအဝင်ပေါ့နော်။ အဲတော့ ဒီလိုဟာတွေကို ပြန်ပြီး အားကစားလုပ်အောင် အားကစားလောကထဲ ဝင်လာအောင် ပြန်ပြီးလုပ်နိုင်မှ အားကစားလောက တိုးတက်မှာပေါ့။”