ဆူနာမီ ဆယ်နှစ်ပြည့် အောက်မေ့ဘွယ်

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်နေ့က ဆူနာမီလှိုင်းဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံအတွင်းက မြင်ကွင်းတခု။

လူပေါင်းနှစ်သိန်းကျော်သေဆုံးခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာ ဆူနာမီလှိုင်း သဘာဝဘေးအန္တာရာယ်ဆိုးကြီးပေါ်ပေါက်ခဲ့တာ (၁၀) နှစ်ပြည့်ဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ ဆူနာမီအဆိုးရွားဆုံးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံအနောက်တောင်ပိုင်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု သေဆုံးခဲ့ကြပြီး အခုချိန်ထိ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ ဆွေမျိုးသားချင်းတွေဟာ မေ့ပျောက်လို့မရနိုင်ကြဆဲပဲရှိပါသေးတယ်။ AFP သတင်း တပုဒ်ကို အခြေခံပြီးမအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ ပေါ်ပေါက်ခဲ့တဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် ထိုင်းအနောက်တောင်ပိုင်းမှာ သေဆုံးခဲ့တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှအတိအကျမပြောနိုင်ကြပါဘူး။ သတင်းမီဒီယာ အများစုကလည်း သူတို့တွေနဲ့ပတ်သက်လို့ ဂရုစိုက် ဖေါ်ပြတာမျိုးမရှိခဲ့ပါဘူး။

အဲဒီအချိန်က အသက် (၃၀) အရွယ်ပဲရှိတဲ့ မိဌေးရဲ့ ရှစ်ရက်သားအရွယ်သားငယ်နဲ့ သားသမီးနှစ်ယောက်အပါအဝင် သူ့မိခင်နဲ့ တူတယောက်လည်း သေဆုံးခဲ့တာပါ။ တနှစ်အကြာမှာ ဖန်ငါးခရိုင် ဘန်နန်ခမ်း ကမ်းရိုးတန်းရွာကလေးကို ပြန်လာပြီး ငါးဖမ်းလုပ်ငန်းမှာ ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ဆူနာမီလှိုင်းကြီးဟာ သူရင်ခွင်မှာပိုက်ထားတဲ့ ရက်သားအရွယ်သားငယ်ကို ဆွဲယူသွားခဲ့တဲ့ဖြစ်ရပ်ဆိုးကို မမေ့နိုင်ဘဲ အခြားကလေးငယ်တွေကိုမြင်တိုင်း သတိရနေမိတယ်လို့ မိဌေးက ပြောပါတယ်။

“အလုပ်လုပ်တဲ့အချိန်တွေမှာဆို မေ့ပျောက်ရမှာပေါ့နော်၊ သူများကလေးတွေ စားလို့ သွားလို့မြင်ရင် မိသားစုလေးသွားလို့မြင်တယ်ဆိုရင် ဝမ်းနည်းတယ်။ ဘယ်သူမှလည်းမရှိရင် ဒီလိုပဲ နေရမှာပေါ့နော်၊ မိသားစုစုံစုံလင်လင်- ကိုယ်က တကွဲတပြားနေရတော့ သတိရတယ်။ တရက်မှ မေ့လို့မရဘူး။”

ဆူနာမီလှိုင်းဒဏ်ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂,၀၀၀) ကျော်သေဆုံးခဲ့တယ်လို့ အများက ခန့်မှန်းခဲ့ကြပါတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ စပြီးဖြစ်ခဲ့တဲ့ ဆူနာမီရေလှိုင်းဟာ ကမ္ဘာပေါ်မှာ လူအသေအပျောက် အတော်များခဲ့တဲ့ သဘာဝဘေးအန္တာရာယ်ကြီး ဖြစ်ခဲ့ပါတယ်။ ဆူနာမီဖြစ်ပြီးနောက် အလောင်းတွေထဲက DNA စမ်းသပ်ချက်အရ အရေအတွက် (၃,၀၀၀) ထောင်ကျော်ကို ပိုင်ရှင်တွေ လက်ထဲ ပြန်ပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ မိဌေးရဲ့ပျောက်နေတဲ့ ကလေးသုံးယောက်မပါဝင်ခဲ့ပါဘူး။

“အခုထိ အလောင်းမတွေ့ဘူးဆိုတော့ တကယ်ပဲ သူများတွေဆီပဲ ရောက်နေပလား၊ စုံစမ်းတဲ့သဘောပေါ့နော်၊ တနေ့ကျရင် ပေါ်လာအုံးမလား။ အဲလိုပေါ့နော်၊ ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခသည်ကလေးတွေရှိတယ်ဆိုတော့ အော်…ကိုယ့်ကလေးတွေပဲ ပါနေမလား၊ စိတ်ထဲမှာ အဲလိုဖြစ်နေတယ်။ တကယ်ပဲ သွားလို့မရဲဘူး၊ ဒီနေရာမှာ…”

ဘန်နန်ခမ်းရွာရဲ့လူဦးရေ (၅,၀၀၀) ထောင်လောက်မှာ တဝက်လောက်ဟာ ဆူနာမီလှိုင်းဒဏ်သင့်ပြီးသေဆုံးခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အဲဒီရွာမှာ မိဌေးလို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ တနေ့ကို (၁၀) ဒေါ်လာနှုန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာပါ။

၂၀၀၄ ဒီဇင်ဘာလမှာ ဆူနာမီလှိုင်းရိုက်ခတ်ပြီးနောက် မြန်မာအလုပ်သမား (၂,၅၀၀) ထောင်ကျော်ကို မြန်မာနိုင်ငံကို ပြန်ပြီးပို့ခဲ့တဲ့ ထိုင်းအာဏာပိုင်တွေရဲ့လုပ်ရပ်ကြောင့် သေသွားတဲ့မိသားစုဝင်အလောင်းတွေကို ပြန်ယူဖို့အခက်အခဲတွေဖြစ်ခဲ့တယ်လို့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ဦးထူးချစ်က ပြောပါတယ်။

“ပြန်ပို့ခံရတဲ့အလုပ်သမားအများစုရဲ့ ဆွေမျိုးသားချင်းတွေဟာ ဒီဆူနာမီလှိုင်းကြောင့် သေသွားကြတာပါ။ ဒါပေမဲ့ ဒီအလောင်းတွေပြန်ရဖို့အတွက် သူတို့ဟာ ထိုင်းကို ပြန်မလာချင်ကြပါဘူး။”

ဖန်ငါးခရိုင်တခုထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁,၀၀၀) ထောင်ကျော်လောက်သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြောင်း ဦးထူးချစ်က ပြောပါတယ်။ ဒါပေမဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ ဆူနာမီဒဏ်ခံရတဲ့ ထိုင်းနိုင်ငံက ခရိုင်ခြောက်ခုမှာ မြန်မာ အလုပ်သမား နှစ်ထောင်လောက်သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီရွာနဲ့မနီးမဝေးက Bang Muang သချုႋင်းမှာတော့ ပိုင်ရှင်မဲ့အလောင်း (၄၀၀) နီးပါးမြှုပ်နှံထားပါတယ်။ DNA စစ်ဆေးလို့ မရသေးတဲ့ အတွက် အများစုဟာ မြန်မာတွေဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးပြောဆိုနေကြတာလည်း ရှိပါတယ်ရှင်။