မူဆလင် ဆန့်ကျင်ရေးရုပ်ရှင် YouTube က ဖြုတ်ဖို့ တရားရုံးဆုံးဖြတ်

ဗွီဒီယိုတွေတင်ထားတဲ့ YouTube အင်တာနက်စာမျက်နှာထဲက မူဆလင်ဆန့်ကျင်ရေး ဗွီဒီယိုတခုကို ဖြုတ်ပစ်ဖို့ အမေရိကန် အယူခံတရားရုံးတရုံးက Google ကုမ္ပဏီကို အမိန့်ထုတ် ညွှန်ကြားလိုက်ပါတယ်။

Innocence Muslims ဆိုတဲ့ ဗွီဒီယိုထဲမှာ တမန်တော် မိုဟာမက်ကို မကောင်းမြင် ပုံဖော်ထားတာကြောင့် နိုင်ငံတကာမှာ အမျက်ဒေါသထွက်ပြီး ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာပါ။

လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့ အမေရိကန်ကောင်စစ်ဝန်ရုံးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက ဝင်ရောက် တိုက်ခိုက်ခဲ့ချိန်နဲ့ အဲဒီဗွီဒီယို YouTube ပေါ်မှာ တက်တဲ့အချိန်က တိုက်ဆိုင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် အမေရိကန် သံအမတ် အပါအဝင် အမေရိကန် နိုင်ငံသားလေးဦး သေဆုံးခဲ့ရပါတယ်။

ဗွီဒီယိုကိုဖြုတ်ပေးဖို့ YouTube ကို တရားစွဲဆိုလျှောက်ထားခဲ့တဲ့ သရုပ်ဆောင်အမျိုးသမီးတစ်ဦးကို ဆန်ဖရန်စစ္စကိုမြို့ အမှတ် ၉ အမေရိကန် Circuit Court ကနေ အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဗွီဒီယိုဇာတ်လမ်းဟာ မူဆလင် ဆန့်ကျင်ရေးဆိုတာကို မသိဘဲ လှည့်ကွက်မိပြီး သရုပ်ဆောင်ခဲ့တာပါလို့ အမျိုးသမီးကပြောခဲ့ပြီး အဲဒီဗွီဒီယိုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုများစွာကို ကြုံခဲ့ရတယ်လို့ ပြောပါတယ်။