အာကာသထဲ လူသား ပထမဆုံးရောက်တဲ့နေ့

ဆိုဗီယက်အာကာသယာဉ်မှူး Yuri Gagarin

ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့ဟာဆိုရင် လူလိုက်ပါတဲ့ အာကာယာဉ်များဆိုင်ရာ နိုင်ငံတကာနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၁ ခုနှစ်က အသက် ၂၇ နှစ် အရွယ် ဆိုဗီယက် အာကာသယာဉ်မှူး Yuri Gagarin ကမ္ဘာပေါ်ကနေ အာကသထဲ ပထမဆုံး ရောက်ရှိနိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် သတ်မှတ် ထားတာလည်းဖြစ်ပါတယ်။ သမိုင်းတင်ခဲ့ရတဲ့ကမ္ဘာတပတ် ပတ်နိုင်ခဲ့တဲ့ သူ့ရဲ့ အာကာသခရီးစဉ်ဟာ ၁၀၈ မိနစ်ကြာမြင့်ပြီး တနာရီ မိုင် ၁ သောင်း ၇ ထောင်နှုန်းနဲ့ သွားနေတဲ့ ဗော့စတော့ခ် အာကာသယာဉ်ထဲမှာကျုံ့ကျုံ့လေးထိုင်ပြီး လိုက်ပါသွားခဲ့ရတာပါ။

ဒါပေမယ့်လည်း သူ့ရဲ့ခရီးစဉ်က အာကာသကို အောင်အောင်မြင်မြင်သွားနိုင်တဲ့ သမိုင်းစာမျက်နှာသစ်အဖြစ် မော်ကွန်းတင်ခဲ့ရပါတယ်။ အာကာသယာဉ်မှူး ဂါဂါယင်ရဲ့ အာကာသခရီးစဉ်မတိုင်ခင်ကတော့ အာကာသကို ခရီးသွားခြင်းဆိုတာက သိပ္ပံဆိုင်ရာ စာရေးဆရာတွေရဲ့ စိတ်ကူးယဉ် ပုံဖော်ရေးသားစရာ ကဏ္ဍတခု ဖြစ်ခဲ့တာပါ။ ကမ္ဘာပတ်လမ်းကြောင်းမှာ အာကသယာဉ် ပတ်နေချိန်မှာတော့ အာကာသယာဉ်မှူး ဂါဂါယင်က သူ့အာကာသယာဉ်ကို ကိုယ်တိုင် ထိန်းချုပ် မောင်းနှင်ခဲ့တာတော့ မဟုတ်ပါဘူး။ အာကာသယာဉ်မှူးအစား ကွန်ပျူတာစနစ်တခုကနေ ရေဒီယိုနဲ့ထိန်းချုပ်ပြီး အာကာသယာဉ် ဗော့စတော့ခ် ကို ထိန်းချုပ်ပြီး လုပ်ဆောင်ရမှာတွေကို ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရေးပေါ်လာရင်တော့ အာကာသယာဉ်မှူး ဂါဂါယင်က အာကာသယာဉ် ဗော့စတော့ခ်ကို ထိန်းချုပ်နိုင်တဲ့သော့ကိုလည်း တပ်ဆင်ထားပါတယ်။ အာကာသမှာ နယ်သစ်ပယ်သစ်တွေကို ရှာဖွေခဲ့သူအဖြစ် ကင်ပွန်းတပ်ခံရပြီး နိုင်ငံတကာ သူရဲကောင်းဖြစ်ခဲ့တဲ့ အာကသယာဉ်မှူးဂါဂါယင်ကိုအဲဒီအချိန်က ဆိုဗီယက်ပြည်ထောင်စုရဲ့ ခေါင်းဆောင် Nikita Krushchev က အာကာသယာဉ်မှူး ဂါဂါယင်ကို ဆိုဗီယက် ပြည်ထောင်စုရဲ့သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ပါတယ်။

စစ်အေးခေတ် တင်းမာနေချိန်အတွင်းမှာ ဆိုဗီယက်တို့ရဲ့ အာကာသယာဉ်မှူး ဂါဂါယင် အာကာသကို သွားရောက်နိုင်ခဲ့တာဟာဆိုရင် အမေရိကန် အာကာသ စူးစမ်းရေးလုပ်ဆောင်နေသူတွေကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေခဲ့ပါတယ်။အာကာသဆီကို ပျံသန်းနိုင်ခဲ့တာဟာဆိုရင် ဆိုဗီယက် ပြည်သူတွေဟာ ပါရမီရှင်တွေ ဉာဏ်ကြီးရှင်တွေဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်တယ်လို့လည်း ဆိုဗီယက်ပြည်ထောင်စုက ပြောဆိုခဲ့တာပါ။ တလတောင် မကြာလိုက်ပါဘူး၊ အမေရိကန် အာကာသယာဉ်မှူး Alan Shepherd ဟာလည်း အာကာသဆီကို ခရီးနှင်နိုင်ခဲ့ပြီး အမေရိကန်တို့ရဲ့ ပထမဆုံး အာကသကိုရောက်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ နောက်နှစ် ဖေဖော်ဝါရီလမှာတော့ အမေရိကန် အာကာသယာဉ်မှူး John Glenn ဟာ ကမ္ဘာပတ်လမ်းကြောင်း ထဲကို ရောက်ခဲ့တဲ့ပထမဆုံး အမေရိကန်တဦး ဖြစ်လာခဲ့ပါတယ်။ အာကာသယာဉ်မှူး ဂါဂါယင်ကတော့ ၁၉၆၈ ခုနှစ်တုန်းက လေယာဉ်မောင်းနှင်နေစဉ် သေဆုံးခဲ့ပါတယ်။ ဒုတိယအကြိမ် အာကာသခရီးစဉ်အတွက် လေ့ကျင့်နေစဉ် ကာလအတွင်းမှာပဲ သူသေဆုံးခဲ့တာ ဖြစ်ပါတယ်။