မြောက်ကိုရီးယားနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေဟာ ဒေသတွင်းမှာတင်မက နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အလွန်အမင်း ခြိမ်းခြောက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်လို့ လာအိုနိုင်ငံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ဝန်ကြီး Kerry က သတိပေးခဲ့ပါတယ်။
အာဆီယံဆွေးနွေးပွဲလာတဲ့တက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ မြောက်ကိုရီးယား နျူကလီးယားစမ်းသပ်မှုဟာ အမေရိကန်အပေါ်မှာ မူတည်တယ်လို့ တုံ့ပြန်ပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့က အခြေအနေတွေကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။
၄၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည်စည်းဝေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ နောက်ဆုံးနေ့ဖြစ်တဲ့ အင်္ဂါနေ့တုန်းကတော့ အမေရိကန် အပါအဝင် နိုင်ငံတကာ ဆွေးနွေးဘက်နိုင်ငံတွေနဲ့ ဆွေးနွေးကြတဲ့ ARF အာဆီယံဒေသတွင်းစည်းဝေးပွဲနဲ့ ၆ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီး စည်းဝေးပွဲတွေကို ကျင်းပခဲ့ကြပါတယ်။
မူးယစ်ဆေးဝါးမှောင်ခိုကူးမှု၊ လူကုန်ကူးမှုနဲ့ အကြမ်းဖက်မှုတွေဟာ အာရှပစိဖိတ် ဒေသနိုင်ငံတွေအတွက် ပိုပြီး အလေးထားစရာ၊ စိုးရိမ်စရာဖြစ်လာတဲ့အကြောင်း ARF ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီအမှုအများစုဟာ တရားမဝင် နိုင်ငံဖြတ်ကျော်သွားလာနေတဲ့ ရာဇဝတ်မှု ကျုးလွန်သူတွေနဲ့ အဓိကဆက်စပ်နေတာကြောင့် အဲဒီလိုလူမျိုးတွေ နိုင်ငံဖြတ်ကျော် မသွားနိုင်အောင် နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။
အာရှပစိဖိတ်ဒေသနဲ့ ကမ္ဘာကြီး သာယာဝပြောရေးအတွက် ပင်လယ်ပြင် လုံခြုံ၊ တည်ငြိမ်ရေးဟာလည်း အရေးကြီးတဲ့အတွက် ရေကြောင်းဆိုင်ရာ ဥပဒေစိုးမိုးရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့လည်း အာဆီယံနဲ့ မိတ်ဖက်နိုင်ငံတွေကြား သဘောတူခဲ့ကြပါတယ်။ အာရှဒေသတွင်းမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဆောင်ရွက်မှုတွေအပေါ် သူနဲ့ဆွေးနွေးခဲ့သမျှ ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးတွေက စိုးရိမ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ကသတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“မြောက်ကိုရီးယားရဲ့ ဆောင်ရွက်မှုတွေဟာ ဒီဒေသတွင်းမှာ တင်မဟုတ်ဘဲ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အလွန်အမင်းကို ခြိမ်းခြောက်နေပါတယ်။”
မြောက်ကိုရီးယားက နျူကလီးယား ဒုံးလက်နက် စမ်းသပ်မှုတွေကို ဆက်ပြီးလုပ်နေမယ်ဆိုရင် ထိရောက်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ခုလို သတိပေးခဲ့ပါတယ်။
“မြောက်ကိုရီးယားအနေနဲ့ သူတို့ရဲ့ ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ထိရောက်တဲ့ အကျိုးဆက်တွေကို အသေအချာ ရင်ဆိုင်ရမယ်ဆိုတာ နားလည်အောင်လုပ်ပြဖို့ ဒီမှာ အစည်းအဝေး တက်ရောက်ကြတဲ့ ကျနော်တို့အားလုံးက အခိုင်အမာဆုံးဖြတ်ခဲ့ကြပါတယ်။”
ဗီယန်ကျန်းမြို့တော်မှာ အာဆီယံဆွေးနွေးပွဲတွေ တက်ရောက်တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong-ho ကတော့ သူ့နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ ဝန်ကြီး Kerry ရဲ့ ပြောကြားချက်ကို ခုလို တုံ့ပြန်ခဲ့ပါတယ်။
“အခြေအနေဆိုးနေရတဲ့ အဓိကအချက်ကတော့ မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့ မူဝါဒတွေကြောင့် ဖြစ်ပါတယ်။ ပြဿနာက ပိုပြီးတောင် ဆိုးလာပါတယ်။ ကျနော်တို့ နောက်ထပ် နျူကလီးယားစမ်းသပ်မှု လုပ်မလုပ်ဆိုတာ အမေရိကန်အပေါ်မှာ လုံးဝ မူတည်နေပါတယ်။”
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းရှင်းရေးရည်ရွယ်တဲ့ ၆ နိုင်ငံ ပါဝင်တဲ့ ဆွေးနွေးပွဲတွေဟာလည်း အမေရိကန်ကြောင့် ပျက်သွားခဲ့ရတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက အပြစ်တင်ခဲ့ပါတယ်။ သူ့အဆို နျူကလီးယားပိုင်ဆိုင်တဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေကြောင့် မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကတော့ မြောက်ကိုရီးယားအနေနဲ့ အီရန်နိုင်ငံကို နမူနာယူဖို့ ပြောခဲ့တာပါ။ အီရန် နျူကလီးယား သဘောတူညီချက်ကြောင့် အခုဆိုရင် အီရန်အပေါ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတချို့ကို ဖယ်ရှားပေးခဲ့တယ်လို့ ဥပမာပေး ပြောကြားခဲ့ပါတယ်။ အာရှဒေသ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် အာဆီယံအဖွဲ့ကြီးဟာ အဓိကကျတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားခဲ့ပါတယ်။
သမ္မတ Barack Obama လက်ထက်မှာ အာဆီယံနဲ့ အမေရိကန်ကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ခဲ့တာကို ပြောကြားခဲ့ပြီး သမ္မတအိုဘားမားရဲ့တာဝန်ကို ဆက်ယူမဲ့ ဘယ်သူမဆို အမေရိကန်နဲ့ အာဆီယံကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်ပြီးလုပ်သွားဖို့ အရေးကြီးတယ်ဆိုတာ ကိုလက်ခံလိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း၊ ရှေ့လာမယ့်နှစ်တွေအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကနေ ပိုမိုထိရောက်တဲ့ ရလာဒ်တွေ ရလာမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က အာဆီယံစည်းဝေးပွဲအပြီး သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံစည်းဝေးပွဲတွေ တက်ရောက်အပြီး ဖိလစ်ပိုင်သမ္မတသစ် Rodrigo Duterte နဲ့တေ့ွဆုံဖို့ အင်္ဂါနေ့ညမှာပဲ ဖိလစ်ပိုင်နိုင်ငံ ခရီးဆက်သွားခဲ့ပါတယ်ရှင်။
Your browser doesn’t support HTML5