အရီဇိုးနား သေနတ်သမား ရုံးထုတ်

အရီဇိုးနား သေနတ်သမား ရုံးထုတ်

အမေရိကန် လွှတ်တော်အမတ် တဦးကို လုပ်ကြံဖို့ ကြိုးစားရင်း လူအယောက် ၂၀ ကို ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အသက် ၂၂ နှစ်အရွယ် သေနတ်သမားကို ဖက်ဒရယ် တရားရုံးမှာ ပထမဆုံး တနင်္လာနေ့က ရုံးထုတ်ပါတယ်။

လုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့ ဖီးနစ်စ်မြို့က ဖက်ဒရယ် တရားရုံးကို ဝင်လာချိန်မှာ တရားခံအဖြစ် စွပ်စွဲခံရသူ ဂျဲရက်ဒ် လပ်ဖ်နာ (Jared Loughner) ဟာ တုန်လှုပ်နေပုံရပါတယ်။ ဦးခေါင်းကို ရိပ်ထားပြီး အကျဉ်းထောင်ဝတ်စုံ ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့အခွင့်အရေးကို သူ သိရှိနားလည်ပါတယ်လို့ တရားရုံးကို ပြောပါတယ်။

စနေနေ့တုန်းက ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့သလို အောက်လွှတ်တော်အမတ် ဂါဘရီယယ် ဂစ်ဖို့စ် (Gabrielle Giffords) အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ အခြား ၁၃ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် တနိုင်ငံလုံး တုန်လှုပ်ဝမ်းနည်း ပူဆွေးနေရတုန်းပဲလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။ အရီဇိုးနားပြည်နယ်က အဲဒီ ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက်သူတွေအတွက် ဝမ်းနည်းဖွယ် တိတ်ဆိတ် ဂုဏ်ပြုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် သမ္မတ အိုဘားမာက သမ္မတ အိမ်ဖြူတော်မှာ အခုလို ပြောဆိုသွားတာပါ။

ဒီ ဝမ်းနည်းဖွယ် ဂုဏ်ပြုမှုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အဦး ရှေ့မှာ လွှတ်တော်ဝန်ထမ်းတွေ၊ လွှတ်တော်ကို လာရောက်ကြတဲ့ ဧည့်သည်တွေ စုဝေးပြုလုပ်ခဲ့သလို အိမ်ဖြူတော်မှာလည်း သမ္မတနဲ့ သမ္မတကတော် မစ်ချဲလ် အိုဘားမားတို့က အခု တနင်္လာနေ့မှာ ခေတ္တ တိတ်ဆိတ် ငြိမ်သက်ပေးခဲ့ကြပါတယ်။

အပြင်းအထန် ထိခိုက်ဒဏ်ရာ ရထားတဲ့ အောက်လွှတ်တော်အမတ် ဂါဘရီယယ် ဂစ်ဖို့စ်ကို ကုသပေးနေတဲ့ ဆရာဝန်တွေကတော့ သူ့အခြေအနေနဲ့ ပတ်သက်လို့ အရင်အခြေအနေထက် အနည်းငယ် အကောင်းမြင်ပါတယ်။

အသက် ၄၀ အရွယ် လွှတ်တော်အမတ် ဂစ်ဖို့စ်ရဲ့ ထိခိုက်ထားတဲ့ ဦးနှောက်ပိုင်းမှာ ရောင်ရမ်းမှုတွေ ပိုတိုးမလာဘူးလို့ အရီဇိုးနားတက္ကသိုလ် ဆေးရုံက ဆရာဝန်တွေက သတင်းထောာက်တွေကို တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ လွှတ်တော်အမတ် ဂစ်ဖို့စ်ဟာ သူ့ရဲ့ မဲဆန္ဒရှင် ပြည်သူတွေနဲ့ ကုန်တိုက်တခုအရှေ့မှာ တွေ့ဆုံ နှုတ်ဆက်နေစဉ် အခုလို ပစ်ခံရတာ ဖြစ်ပါတယ်။