တွေ့ဆုံဆွေးနွေးရေး စစ်ကောင်စီ ရပ်တည်ချက်အပေါ် လက်နက်ကိုင်အဖွဲ့တချို့ သဘောထား


၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်လာသူများကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တနေရာတွင်တွေ့ရစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၁)

၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး လက်နက်ကိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်လာသူများကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တနေရာတွင်တွေ့ရစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၁)

စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့တွေ လက်နက် မချမချင်း၊ မတွေ့ဆုံ မဆွေးနွေးနိုင်ဘူးလို့ သြဂုတ်လ ၂၂ ရက် မနေ့က စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုလိုက်ပါတယ်။ ဒီအပေါ်မှာ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေကြတဲ့ အဖွဲ့တွေရဲ့ သဘောထား ဘယ်လိုရှိပါလဲ။ လေ့လာသုံးသပ်သူ တချို့ကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မရှိရင် စစ်ဘောင် ပိုကျယ်လာနိုင်ပြီး တိုင်းပြည် ပိုအထိနာနိုင်တယ်လို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို မဆုမွန်က တင်ပြပေးပါမယ်။

စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တဲ့ ဒေသအလိုက် ကာကွယ်ရေး PDF တပ်ဖွဲ့တွေ အများအပြား ပေါ်ပေါက်လာခဲ့သလို၊ ဒီလိုအဖွဲ့တွေကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထားတာပါ။ ဒီလို အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ် ကြေညာထားသူတွေနဲ့ မတွေ့ဆုံ မဆွေးနွေးနိုင်ဘူးလို့ သြဂုတ်လ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုသွားပါတယ်။

“နိုင်ငံတော် အစိုးရအနေနဲ့ အကြမ်းဖက်လို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်း သွားစရာအကြောင်း မရှိပါဘူး။ လက်နက်ကိုင် ပြီးတော့ကျ လူထုကို သတ်ဖြတ်နေတယ်။ ပြည်သူလူထုကို သတ်ဖြတ်နေတယ်။ ဒီလို လူတွေနဲ့ ဒီလိုလူတွေကို ဦးဆောင်နေတဲ့ သူတွေနဲ့ အကြမ်းဖက်သမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းကို လျှောက်စရာအကြောင်း မရှိပါဘူး။”

စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ဩဂုတ် ၂၂၊ ၂၀၂၃)

စစ်ကောင်စီရဲ့ ၂၂ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း (ဩဂုတ် ၂၂၊ ၂၀၂၃)

၂၀၂၁ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတွေနဲ့ မဆွေးနွေးပေမယ့်လို့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား EAO အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးတာတွေကိုတော့ ဆက်လုပ်သွားမယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။

ဒီအပေါ်မှာ PDF ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သဘောထားက ဘယ်လိုရှိပါလဲ။ ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ်ဟောင်းလည်း ဖြစ်၊ ချင်းအမျိုးသားအဖွဲ့ချုပ် မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တဲ့ ဆလိုင်းပီတာထမ်း ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကပဲ ဒီတိုင်းပြည်ရဲ့ စစ်ပွဲတွေ ငြိမ်းအေးဖို့ အဖြေ ဖြစ်တာမို့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်တဲ့အထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့မှာလည်း ဆွေးနွေးစရာမရှိပါဘူး။ လက်ရှိမှာတော့ အမြစ်ပြတ်တဲ့အထိ တွန်းလှန် တိုက်ခိုက်ဖို့ပါပဲ။ လက်ရှိ အခြေအနေမှာက ဦးစားပေး ရန်သူအနေနဲ့ သတ်မှတ်ချင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူ့နဂို ထုံးစံအတိုင်းပဲပေါ့။ တဘက်ကို မျက်နှာချိုသွေးပြီး တဘက်ကို လှည့်တိုက်မယ့် ပုံစံမျိုး။ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ အတွက်ကတော့ အဲဒါက သိပ်ပြီးတော့ ထူးခြားဖြစ်စဉ်လို့ မခံစားမိဘူးပေါ့။ ဒီစကား သူ ထုတ်မပြောခင် အစကတည်းက သူရဲ့လမ်းကြောင်း၊ သူ့ရဲ့ပေါ်လစီ၊ သူ့ရဲ့လမ်းစဉ်ပဲလို့ ကျနော်တို့ကတော့ ယူဆထားတယ်။ ကျနော်တို့ဘက်က တောင်းဆိုမှုကတော့ ဖက်ဒရယ် ဒီမိုကရေစီရတဲ့အထိ တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်လို့။”

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အနေနဲ့ကတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုတဲ့အပေါ်မှာ မှတ်ချက်ပြု ပြောစရာ မရှိကြောင်းနဲ့ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် နှိပ်ကွပ်ရာကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်လာကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ KNDF အနေနဲ့ မူလ ရည်မှန်းထားချက်အတိုင်း အာဏာရှင်မှန်သမျှ အမြစ်ပြုတ်တဲ့အထိ တိုက်ဖျက်သွားမယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အထူးသဖြင့်ပေါ့နော်။ ဒီအကြမ်းဖက် လုပ်ရင်တွေ၊ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ ဒီအကြမ်းဖက် စစ်တပ်နဲ့ ညှိနှိုင်းဖို့အတွက် ဒါ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရွေးခဲ့တာ မဟုတ်ဘူးလို့ ကျနော်တို့ နားလည်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြီးတော့ နိုင်ငံရေး လမ်းစဉ်ကို ရွေးခဲ့ကြပေမဲ့ စစ်ကောင်စီက အကြမ်းဖက် ဖြိုခွင်းတယ်။ ရက်ရက်စက်စက် သတ်ဖြတ်လို့ ရွေးချယ်စရာ မရှိတော့တဲ့ အဆုံးမှာ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ရောက်လာတယ်။ ဒီလက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကတော့ စစ်ကောင်စီ၊ အထူးသဖြင့် အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ၊ အာဏာရှင်စနစ် အမြစ်ပျက်တဲ့ အထိ သွားဖို့ ရည်မှန်းထားကြတာ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အခုလို အကြမ်းဖက် စစ်ကောင်စီရဲ့ ဒီသတင်းစာရှင်းလင်းပွဲကိုတော့ ဘာမှ မှတ်ချက်ပြုစရာတော့ မရှိပါဘူး။ ပြောဆိုတဲ့အပေါ်မှာနဲ့ ပတ်သက်ပြီးတော့ ဘာမှ မှတ်ချက်ပြုစရာ မရှိပါဘူး။”

စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝန်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရပြီးတဲ့နောက် လက်နက် စွဲကိုင် တော်လှန်မှုတွေ နေရာအနှံ့ ပေါ်ပေါက်လာခဲ့တာပါ။ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန် လာနေတာနဲ့အမျှ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ တိုက်တွန်းမှုတွေ ရှိနေချိန်မှာပဲ စစ်ကောင်စီက သူ့ သဘောထားကို ပြောဆိုသွားတာလည်း ဖြစ်ပါတယ်။

NCA လက်မှတ်ထိုး အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်ကတော့ လက်ရှိ ပြဿနာဟာ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ လိုအပ်နေတဲ့အချိန်လို့ ပြောပါတယ်။ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုမရှိရင် စစ်ဘောင်ပိုကျယ်လာနိုင်ပြီး တိုင်းပြည် ပို အထိနာနိုင်တယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့ နားလည်ရ သလောက်ကတော့ ကျနော်တို့နိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခက်အခဲလို့ ပြောပြော နိုင်ငံရေး အကျပ်အတည်းလို့ပဲ ပြောပြော ဒီလို အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်စေခဲ့တဲ့ ပြဿနာ အရင်းခံ အကြောင်းတရား ကတော့ နိုင်ငံရေးပြဿနာ ဖြစ်တယ်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး နည်းနဲ့ပဲ ဖြေရှင်းတာကသာ ကျနော်တို့ ပြည်ထောင်စုအတွက် ပြောပြော ကျနော်တို့ နိုင်ငံသူနိုင်ငံသားအတွက်ပဲ ပြောပြော ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ကျနော်တို့ သွားနိုင်တာဖြစ်တဲ့အတွက် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ အဖြေရှာတာက အကောင်းဆုံးနည်းတခုလို့ ကျနော်တို့ ယုံကြည်တယ်။ လက်ရှိ ကာလ ၂ နှစ်ကျော်မှာလည်း စစ်ရေးပဋိပက္ခက အရင်ကထက် ပိုပြင်းထန်လာတယ်။ ပိုကျယ်ပြန့်လာတယ်။ ဒီလို စစ်ဘောင် ပိုကျယ်ပြန့်လာတဲ့ ကာလမှာတော့ နိုင်ငံရေး ဆွေးနွေးမှုဘောင်ကတော့ ကျဉ်းမြောင်းနေတယ် ဆိုတာကတော့ နိယာမတခုလို ဖြစ်နေမလားပေါ့။”

လက်ရှိမှာတော့ ကရင်နီ၊ ကရင်၊ ချင်း၊ ကချင်၊ စစ်ကိုင်း၊ မကွေး စတဲ့ ဒေသတွေမှာ အာဏာသိမ်း စစ်ကောင်စီကို လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ အားကောင်းနေတာ ဖြစ်ပြီး စစ်ကောင်စီ အနေနဲ့ ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အနေအထား ဖြစ်နေတာပါ။ နိုင်ငံတဝန်း နေရာ အတော်များများမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ အကြား နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေ သိန်းနဲ့ချီ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတာ ဖြစ်ပါတယ်။