ဆီးရီးယားလူမျိုး ၉,၀၀၀ လက်ဘနွန်သို့ ထွက်ပြေးကြောင်း ကုလခန့်မှန်း

သွေးထွက်သံယို နှိမ်နင်းမှုတွေကြောင့် အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲကို ထွက်ပြေးခိုလှုံရတဲ့ ဆီးရီးယားဒုက္ခသည်ဟာ အနည်းဆုံး ၉,၀၀၀ လောက်ရှိမယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး လက်ဘနွမ်နိုင်ငံထဲ ထွက်ပြေးခိုလှုံ သူပေါင်း ၇,၀၀၀ ကျော် ရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လက်ဘနွန်အစိုးရတို့ရဲ့ စာရင်းဇယားတွေအရ သိရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးပြောခွင့်ရ ဒေနာ ဆူလေမန် (Dana Suleiman) က ဘေရွတ်မှာ VOA ကိုပြောပါတယ်။

မကြာခင်ရက်တွေအတွင်း ဟုမ်းစ်မြို့မှာ ဖြစ်ပွားတဲ့ အကြမ်းဘက်မှုတွေကြောင့် နယ်စပ်ဒေသက ဘက်ကာ (Bekaa )တောင်ကြားကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်က ၂,၀၀၀ ထက်မနည်း ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဟုမ်းစ်မြို့က ဒဏ်ရာရသူတွေကို ကယ်ထုတ်ရာမှာသုံးတဲ့ တံတားတစင်းကိုလည်း ဆီးရီးယား စစ်တပ်က အင်္ဂါနေ့က ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားတဲ့အဖွဲ့က ပြောပါတယ်။

ဆီးရီးယား အနောက်မြောက်ပိုင်း အစ်ဒ်လဗ် (Idlib) ခရိုင်က မာရက် အယ်လ်နျူမန် (Maaret al-Numan) မှာ ဆီးရီးယားတပ်တွေက ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆီးရီးယား ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက ပြောပါတယ်။ ဒါ့ပြင် ဒါရာ (Daraa) ဒေသထဲမှာလည်း ပေါက်ကွဲမှုတွေ ပြင်းထန်တဲ့အပြင် အဆက်အသွယ်ပါ ပြတ်တောက်နေတယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ လုပ်ဆောင်နေတဲ့ ဆီးရီးယားနိုင်ငံထဲ အကြမ်းဘက်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ သန္ဓိဌာန်ချထားကြောင်း ဆီးရီးယား နိုင်ငံသားတွေက ပြသနေတယ်လို့ သမ္မတ Bashar al-Assad ရဲ့ အင်္ဂါနေ့ ပြောကြားချက်ကို အစိုးရထုတ် ဆာနာသတင်းမှာ ဖော်ပြထားပါတယ်။