ဒေါ်စု ရုန်းကန်ကြိုးပမ်းမှု ဝန်ကြီးကလင်တန် ချီးကျူး

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပပြီးနောက်ပိုင်း အရင်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဆိုတဲ့ သင်္ကေတတခုကနေ အခုအခါ လွှတ်တော်ထဲဝင်ပြီး နိုင်ငံရေးသမားတယောက်ဖြစ် လာတော့ မယ့် ဒေါ်အောင်ဆန်းစုကြည် ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ကြိုဆိုဂုဏ်ပြု အားပေးလိုက်ပါတယ်။ တနင်္လာနေ့ ဧပြီလ ၉ ရက်နေ့ က ဝါရှင်တန်ဒီစီက အမေရိကန် ရုပ်ရှင် အသင်းမှာ ကျင်းပခဲ့တဲ့ “The Lady” ရုပ်ရှင်ပြပွဲကို တက်ရောက်ရင်း နဲ့ ဝန်ကြီး ကလင်တန် က အားပေးစကား ပြောကြားခဲ့တာပါ။ အပြည့်အစုံကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်ရှင်။

မနေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ပြပွဲကို အမေရိကန် ရုပ်ရှင်အသင်း MPAA မှာ ပြပွဲ ကျင်းပခဲ့တာပါ။ ဒီပွဲကို ဒါရိုက်တာ Luc Besson နဲ့ မင်းသမီး Michelle Yeoh တို့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန်၊ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derrek Mitchell တို့လည်း တက်ရောက်ခဲ့ ကြပါ တယ်။

ဒီ ရုပ်ရှင်ပြပွဲကို တက်ရောက်လာတဲ့ ဝန်ကြီးကလင်တန်ကတော့ ၅၆ နှစ်ကြာကာလအတွင်း ပထမဆုံး အကြိမ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦးအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းမှာ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရိုက်ကူး ထားတဲ့ “The Lady” ဇာတ်ကားကို သူ ကြည့်ဖြစ်ခဲ့တဲ့အကြောင်း၊ အခုလို ဒီရုပ်ရှင်ပြပွဲ ကျင်းပတဲ့အတွက် “ပြည်သူတွေ ဒီမိုကရေစီ ရရှိအောင် ရုန်းကန်ကြိုးစားခဲ့တဲ့ ဒီလို ထူးခြားတဲ့ အမျိုးသမီးတယောက်” ကို ဂုဏ်ပြုဖို့ အခွင့်အလမ်း တရပ်ပဲလို့လည်း ဆိုခဲ့ပါတယ်။

- ဒေါ်အောင်ဆန်းစုကြည်အကြောင်း ဒီနေ့ည ကြည့်ရှုရမယ့် ရုပ်ရှင်ကတော့ သိပ်ကို စိတ်လှုပ်ရှားစရာ ရင်နင့်စရာပါ၊ သူ့နိုင်ငံ လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ရရှိရေးမျှော်လင့်ချက်နဲ့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှု ခက်ခဲ တဲ့ ဆုံးဖြတ်ချက်တွေ၊ ချမှတ်မှုတွေအကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်းမှာ ပထမဆုံးအကြိမ် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး လွှတ်တော် တက်ရောက်မယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ မကြာသေးခင်ကလည်း တယ်လီဖုန်းပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး ဒီအခမ်းအနားမှာ ဝန်ကြီး ကလင်တန် က

- လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ခံရတာကို ကျမတို့ ကြိုဆို ခဲ့ကြ ပါတယ်။ မကြာသေးခင်က တယ်လီဖုန်းကနေ စကားပြောခဲ့စဉ်က သူ့ကို ကျမ ပြောခဲ့ပါတယ်။ သူဟာ အခုဆို နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တဦးကနေပြီးတော့ နိုင်ငံရေး သမားတဦး ဖြစ်လာပြီဆိုတဲ့အချက်ကို ကျမ သူ့ကို ထောက်ပြခဲ့ပါတယ်။ ကျမလည်း ဒီလို လမ်းမျိုး လျှောက်လှမ်းခဲ့ရတာမို့ ဒါဟာ မလွယ်ဘူး ဆိုတာကို ကျမ သိပါတယ်။ အခုလည်း လွှတ်တော်ကို သူ သွားရတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ အပေးအယူတွေ လုပ်ရတော့မယ်။ ဒါပေမဲ့လည်း ဒါဟာ တကယ်တော့ ဒီမိုကရေစီ ဖော်ဆောင်မှုပါပဲ။

ဒါ့အပြင် ဝန်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် က စောင့်ကြည့်နေတဲ့ အကြောင်းနဲ့ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တော့လည်း ဖြည်းဖြည်းချင်း လျှော့ပေါ့ပေးသွားမှာဖြစ်တဲ့အကြောင်းတွေကို ပြောကြားခဲ့တယ်လို့ ဒီရုပ်ရှင်ပြပွဲမှာ ဝန်ကြီး ကလင်တန်က အခုလို ဆက်ပြောခဲ့ပါတယ်။

- “မြန်မာအစိုးရကို ကျမတို့ ပြောခဲ့ပြီးပါပြီ။ ခြေလှမ်းတခုချင်းဆီအပေါ် တုံ့ပြန်သွားမယ်ဆိုတဲ့အချက်ပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ အမေရိကန် ပြည်ထောင်စုက ယူခဲ့တဲ့ ခြေလှမ်းတွေကို ကျမ ကြေညာခဲ့ပါတယ်။ အမေရိကန် သံအမတ်ကြီးတဦး ခန့်အပ်မှုကနေအစ USAID လုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ဖို့၊ အများအကျိုးဆောင်ဖို့အတွက် တသီးပုဂ္ဂလအဖွဲ့တွေကို မြန်မာပြည်တွင်း လုပ်ဆောင်ခွင့်ပြုဖို့၊ အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေ တင်ပို့မှုအပေါ် ပိတ်ပင်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ခရီးသွားလာ ခွင့်တွေ အပေါ် ကန့်သတ်ချက်တွေကို လျှော့ချပေးဖို့တွေ ပါဝင်ပါတယ်။ ဒါဟာ ကျမတို့ သေသေချာချာ စဉ်းစားပြီး နှလုံးသားထဲက မျှော်လင့်ချက်ထားပြီး လုပ်ခဲ့တာပါ။ တခြား မိတ်ဆွေနိုင်ငံတွေ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့လည်း ကျမတို့ နီးနီးကပ်ကပ် ဆွေးနွေး တိုင်ပင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဖြစ်လာလိမ့်မယ်လို့ အများက ထင်ကြေးပေးခံနေရတဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံမှာဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် ဒဲရက်ခ်မစ်ချဲ ကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လက စပြီး သူ့ကို ဒီတာဝန်ပေးအပ်ကတည်းက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြင်တွေ့ လာရပေမဲ့ လုပ်ဆောင်စရာတွေ အများကြီး ကျန်သေးတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

- “ကျနော်တို့အနေနဲ့ နေ့စဉ် အပတ်စဉ် ဆိုသလိုပဲ အပြောင်းအလဲတွေ မြန်မာနိုင်ငံမှာ ဖြစ်လာနေ တာကို တွေ့နေကြရပါတယ်။ မပြောင်းလဲတဲ့ အချက်တချို့ကိုလည်း တွေ့ကြရပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို တိုင်းရင်းသားဒေသတွေမှာ တွေ့နေရပါသေးတယ်။ ဒါပေမဲ့ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၉ လက ဒီလို ဖြစ်လိမ့်မယ်လို့ ဘယ်သူကမှ စိတ်ကူးထဲ ထည့်နိုင်မှာ မဟုတ်ပါဘူး။”

ဒါ့အပြင် ဝန်ကြီးကလင်တန် က ဒီရုပ်ရှင်ဖြစ်မြောက်အောင် အခက်အခဲတွေကြားထဲကနေ ရိုက်ကူး ခဲ့တဲ့ ပြင်သစ်ဒါရိုက်တာ လု ဘန်စန် ကိုလည်း ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။ ဒီ “The Lady” ရုပ်ရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဘ၀ ဆိုတာထက် သူ့ရဲ့ပုဂ္ဂိုလ်ရေး ဘဝအကြောင်းကို ဦးစားပေးထားပြီးတော့ မင်းသမီး မစ်ရဲှယို က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေရာမှာ သရုပ်ဆောင် ထားတာပါ။ ဒီရုပ်ရှင်ကို ကြည့်ခဲ့ကြသူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝကို စာနာပြီး မျက်ရည်ဝဲခဲ့ရတယ်လို့ ဆိုကြပါတယ်ရှင်။