ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုယ်စားလှယ်တွေ ဧပြီလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အများစုကြီးအနိုင်ရပြီး လွှတ်တော်ထဲ ရောက်ရှိ သွားမယ့် အောင်မြင်မှုကို နိုဘဲလ်ဆုရှင်များနဲ့ နိုင်ငံ့ခေါင်းဆောင်ဟောင်းတွေ ပါဝင် ဖွဲ့စည်းထားတဲ့ The Elders အဖွဲ့ကြီးက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ လွှတ်တော်ရဲ့ နေရာ အနည်းစုကိုသာ ရတယ်ဆိုပေမဲ့ အတိုက်အခံပါတီတွေအဖြစ် ရှေ့လျှောက် ဒီမိုကရေစီ လမ်းစဉ်ကို ဖော်ဆောင်ရာမှာ အပြုသဘောဆောင်တဲ့ ပထမခြေလှမ်းကို လှမ်းနိုင်လိမ့်မယ် လို့လည်း သူတို့က မျှော်လင့်ကြပါတယ်။
The Elders အဖွဲ့ရဲ့သဘာပတိဖြစ်တဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu က ပြောဆိုရာမှာတော့ ကျနော့်အနေနဲ့ ကျနော့်ရဲ့ ညီမငယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုံးဝလေးစားပါတယ်၊ သူ့ရဲ့လွှတ်တော် ရွေးကောက်ပွဲအနိုင်ရမှုက မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းစဉ်ကို ထိတွေ့ခွင့်ရတဲ့အချိန်ပဲဆိုတာကို ကမ္ဘာက ဘယ်တော့မှ မေ့တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အမှန်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ NLD ပါတီအပြင် တခြား နိုင်ငံရေး ပါတီတွေ လိုအပ်နေတာက လွှတ်တော်ထဲမှာ အဓိပ္ပာယ်ရှိတဲ့ နေရာကနေ လှုပ်ရှားဆောင်ရွက်ခွင့် နေရာတွေ ရဖို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ အဲဒီလိုသာ မဖြစ်ခဲ့ဘူးဆိုရင်တော့ ဒါဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက်ရော ကျနော်တို့ အားလုံးအတွက်ပါ ဒါက သိပ်ကို စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်လို့ ဘုန်းတော်ကြီးက ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် ၂၀၁၁ ခုနှစ် မတ်လမှာ တက်လာပြီးနောက်ပိုင်း နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီပြီး လွှတ်ပေးခဲ့တာ အပါအဝင် အလုပ်သမားဥပဒေတွေကို ပြင်ဆင်တာ၊ မီဒီယာ တင်းကျပ်မှုတွေကို ဖြေလျှော့တာနဲ့ NLD ကို ပြန်လည် မှတ်ပုံတင်ခွင့်ပြုခဲ့တာတွေကိုလည်း The Elders အဖွဲ့က ကြိုဆိုခဲ့ပါတယ်။ ဒီလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ ပိုအားကောင်းစေဖို့ အတွက် ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ထပ် လွှတ်ပေးဖို့နဲ့ လွှတ်ပေးထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကိုလည်း လွတ်လပ်စွာ ပြောဆို လှုပ်ရှားခွင့် ပြုဖို့တွေကိုလည်း The Elders အဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းတဲ့လုပ်ငန်းစဉ်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ပန်းတိုင်ထိ ရောက်အောင်သွားဖို့လည်း တိုက်တွန်းထားပါတယ်။
နိုင်ငံတကာကို အကြံပေးရာမှာတော့ မြန်မာအစိုးရဘက်က တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်နေတာကို ပိုပြီး အကူအညီပေးနိုင်မယ့် နည်းလမ်းတွေရှာဖို့နဲ့ အစိုးရကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်ရေး တိုက်တွန်းသွားဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာအကူအညီအတွက် လိုအပ်ချက်တွေကို ထောက်ပံ့ပေးသွားဖို့နဲ့ နိုင်ငံမှာ လိုအပ်နေတဲ့ စာနာထောက်ပံ့ရေးတွေအတွက် အကူညီပေးသွားဖို့လည်း The Elders အဖွဲ့က အကြံပေးထားပါတယ်။