တောင်ကိုရီးယား သမ္မတ မြန်မာပြည်ရောက်

တောင်ကိုရီးယားသမ္မတ အီလ်မြောင်ဘာ့က် (Lee Myung-bak) ဟာ ဒီကနေ့မှာ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်ပြီဖြစ်ပါတယ်။ ဆယ်စုနှစ်သုံးစုနီးပါးအတွင်း မြန်မာနိုင်ငံဆီလာရောက်တဲ့ တောင်ကိုရီး သမ္မတ တစ်ယောက်ရဲ့ ပထမဆုံး ခရီးစဉ်အတွက် ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ နေရာတွေမှာ လုံခြုံရေးတွေ အထူးတင်းကျပ်ထားပါတယ်။ မစ္စတာ အီလ်မြောင်ဘာ့က်ဟာ အခုဆိုရင် နေပြည်တော်မှာ ရောက်နေပြီဖြစ် ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမဲ့ လုံခြုံရေး အကြောင်းပြချက်နဲ့ နှစ်ဘက်စလုံးက တရားဝင် ထုတ် မပြောကြပါဘူး။ ဒီအခြေအနေအပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံပါဝင်တဲ့ ASEAN+3 ရဲ့ အနာဂတ် လုပ်ဆောင်ဖွယ်ရာတွေအတွက် ပြင်ဆင်ဖို့ မြန်မာနိုင်ငံကို လာတာ ဖြစ်တယ်လို့ သိထားရတဲ့ တောင်ကိုရီးယားသမ္မတရဲ့ နှစ်ရက်ကြာခရီးစဉ်ဟာ ဒီကနေ့ ညနေပိုင်း မှာပဲ စတင်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဆီ တောင်ကိုရီးယားသမ္မတတဦး နောက်ဆုံးလာရောက်ခဲ့တာက ၁၉၈၃ ခုနှစ်ကပါ။ အဲဒီအချိန်က သမ္မတ ချန်ဒူးဝှမ်နဲ့အဖွဲ့ အာဇာနည်ကုန်းမှာ အာဇာနည်ခေါင်းဆောင် ကြီးတွေကို ဂါရဝပြုမယ့်အချိန် မြောက်ကိုရီးယားသူလျှိုတွေက ဗုံးခွဲလုပ်ကြံဖို့ ကြိုးစားတာကြောင့် တောင်ကိုရီးယား ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အစိုးရအဖွဲ့ဝင် အတော်များများ ထိခိုက် ဒဏ်ရာရ သေဆုံးခဲ့ကြရပါတယ်။

အဲဒီအချိန်က မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအစိုးရနဲ့ ချက်ခြင်း သံတမန် အဆက်အသွယ် ဖြတ်တောက်ပစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ မြန်မာနဲ့မြောက်ကိုရီးယားအကြား တရားဝင် သံတမန် အဆက်အသွယ် ပြန်ထူထောင်ခဲ့ကြပါတယ်။

အခု အပြောင်းအလဲတွေ ဖြစ်လာနေတဲ့ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံသားတွေ လုပ်ငန်း လုပ်ဆောင်နေကြတာတွေက လည်း ရှိနေပါတယ်။

တောင်ကိုရီးယားသမ္မတ ရောက်မလာခင်ကတည်းက ရန်ကုန်မြို့ အဓိကနေရာတွေမှာ လုံခြုံရေးတွေ သိသိသာသာ ချထားတာကို တွေ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။

"ကမ္ဘာအေးဘုရားလမ်းတောက်လျှောက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းဘက်- အဲဒီ ကျနော်သွားတဲ့ ဘက်တွေမှာတော့ ဓာတ်တိုင် တတိုင်ကြား၊ တတိုင်ကြားမှာ နှစ်ယောက်-နှစ်ယောက် ချထားတာ တွေ့ တယ်။ တက္ကသိုလ်ရိပ်သာလမ်းမှာဆိုရင်လည်း ရဲကားတစ်စီးနဲ့အပြည့် ဒေါ်အောင်ဆန်းစုကြည် အိမ်နား မှာတွေ့တယ်။ ပြီးတော့ ကုက္ကိုင်း၊ မြကျွန်းသာမှာဆိုရင်လည်း ရဲကားတစ်စီးနဲ့အပြည့်တွေ့တယ်။ ဒါတွေက မမြင်ရတာကြာနေတဲ့ မြင်ကွင်းတစ်ခုလို ဖြစ်နေတယ်လေ။ လုံခြုံရေး အဲဒီလောက် ချထားတာ ဒီဘက် နောက်ပိုင်းမှာ ဒါ ပထမဦးဆုံး ရှားရှားပါးပါး ပြန်တွေ့ရတာပေါ့။ ဒီနေ့မနက် ကျနော် အပြင်ထွက်တဲ့ အနေအထားမှာတော့ အဲလို ရဲတွေချထားတာတော့ တွေ့တယ်။ ဒါပေမယ့် ကားကြီးတွေနဲ့ ချထားတာတော့ သိပ်မတွေ့ရတော့ဘူး။ ဒါပေမယ့် ထူးထူးခြားခြားဆိုလို့ မြို့ထဲက Central Hotel တို့၊ Traders Hotel တို့ ပတ်ဝန်းကျင်မှာတော့ ပတ်ပတ်လည်မှာ လုံခြုံရေး တော်တော်လေး ချထားတယ်လို့ ပြောတယ်ခင်ဗျ"

"ဦးဝိစာရလမ်းဘက်တွေမှာတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ချထားတာတော့ တော်တော်များများ တွေ့တယ်။ နောက် တော်လှန်ရေးပန်းခြံတဝိုက်၊ အဲဒီမှာတော့ လုံခြုံရေးများများ ချထားတာတော့ တွေ့တယ်။ ရဲတွေကို ဓာတ်တိုင် တတိုင်ခြားမှာ နှစ်ယောက်-နှစ်ယောက် ချထားတယ်။ ကားလေးတွေကိုပါ သူတို့က ချထားတယ်။ အဲဒီမှာတော့ incharge တွေ ရှိတာပေါ့။ သူတို့ရဲ့ တကိုယ်ရေကိုင်တဲ့ သေနတ်ပါတယ်ပေါ့ဗျာ။ equipment (လက်နက်) အပြည့်အစုံနဲ့ပေါ့။"

အခု လုံခြုံရေးတင်းကျပ်ထားပုံဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာတဲ့ အချိန်တုန်းကထက်တောင် ပိုသေးတယ်လို့ တခြား ရန်ကုန်မြို့ခံတချို့ကလည်း ပြောပါတယ်။ အခုလောက်ထိ တင်းကျပ်ထားတာက ဘာ့ကြောင့်ဆိုတာကို တော့ တကယ်တမ်း တိတိကျကျ မသိကြပါဘူး။ နိုင်ငံအကြီးအကဲတယောက်လာမှာမို့ ပုံမှန်အတိုင်း လုပ်တာပဲလို့ ထင်ကြသူတွေ ရှိသလို ဘာများဖြစ်လာနိုင်လို့လည်းဆိုပြီး တွေးပြီးတော့ စိုးရိမ်သူတွေလည်းရှိပါတယ်။

"ထူးဆန်းတာကတော့ equipment အပြည့်အစုံ၊ လက်နက်အပြည့်အစုံနဲ့ အဲလိုမျိုး- တကယ်လုံခြုံရေး ယူထားတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရတယ်။ ကျန်ခဲ့တဲ့ သုံးလေးရက်လောက်က အဲလိုမျိုး လုံခြုံရေးတွေ အပြည့်ယူထားတာတွေ့ရတော့ ကျနော်လည်း လက်လှမ်းမီသမျှ သူငယ်ချင်းတွေကို မေးကြည့်တော့ သူတို့ကတော့ ကိုရီးယားသမ္မတလာဖို့ရှိတယ်။ အဲဒါကြောင့်လား မသိဘူးလို့တော့ ပြောကြတယ်။ ကျနော့် တစ်ဦးထဲ ခံစားချက်ကို ပြောရရင်တော့ ဒါက နည်းနည်း ထူးခြားသလိုဖြစ်နေတယ်။ အဲလိုမျိုးတွေ မတွေ့ရတာ ကြာပြီဖြစ်တဲ့အတွက်ကြောင့် ဒီမြင်ကွင်းကြီးက ကျနော့်အတွက်တော့ ထူးခြားတယ်။ ဘာများ တခုခု ဖြစ်နိုင်ခြေရှိလား ဆိုတဲ့ စိုးရိမ်မှုတော့ ရှိတယ်။ တခြား သူငယ်ချင်းအပေါင်းအသင်းတွေကို မေးတဲ့အခါကျတော့ တချို့လည်း စိုးရိမ်ကြတယ်၊ တချို့လည်း မစိုးရိမ်ဘူးပေါ့လေ၊ ဒါက- နိုင်ငံ့အကြီးအကဲတစ်ယောက် လာမှာမို့လို့ အဲလိုမျိုး သမန်ကာလျှံကာ တွေးတဲ့လူလည်း ရှိပါတယ်။"

သမ္မတ အီလ်မြောင်ဘာ့က်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံနိုင်တယ်ဆိုတဲ့သတင်းတွေ သူမရောက်ခင်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ထွက်ထားပေမဲ့ လုံခြုံရေးအကြောင်း ပြချက်နဲ့ NLD ဘက်ကရော တောင်ကိုရီးယား ဘက်ကပါ တရားဝင် အတည်ပြု ပြောဆိုတာမရှိပါဘူး။

တောင်ကိုရီးယား သမ္မတဟာ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာသမ္မတအပါအဝင် ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခါ မြန်မာနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆိုင်ရာ ဆက်ဆံရေးအခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးဖွယ်ရှိတယ်လို့ တောင်ကိုရီးယားကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။ ဒါ့အပြင် စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။

တောင်ကိုရီးယားကုမ္ပဏီတွေရဲ့ မြန်မာနိုင်ငံတွင်း တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ နံပါတ်လေးအဆင့်မှာရှိပြီး ကုမ္ပဏီပေါင်း ၄၉ ခုက အမေရိကန်ဒေါ်လာ သန်းပေါင်း ၃,၀၀၀ နီးပါး ရင်းနှီးမြှုပ်နှံထားပါတယ်။ သဘာဝဓာတ်ငွေ့အပါအဝင် သယံဇာတ အမျိုးအစား အများအပြားရှိတယ်လို့ သိထားကြသလို စာတတ်မြောက်သူ အရေအတွက် မြင့်မားတဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် ပိုပြီးတော့ ပွင့်လင်းလာပြီဖြစ်တာကြောင့် တောင်ကိုရီးယားကုမ္ပဏီတွေ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြင်ဆင်နေကြမှာကတော့ အသေအချာပါပဲခင်ဗျား။