ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ဝစ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။
မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။
ခုလို နေထိုင်မကောင်း ဖြစ်တာကြောင့် ဆွစ်ဇာလန် သမ္မတ အယ်ဖလင်းဝစ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) ဖိတ်ကြားထားတဲ့ နိုင်ငံတော် ညစာစားပွဲ ကိုလည်း ဖျက်လိုက်ရပါတယ်။
ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆက်လက် အားပေးကူညီသွားလိုတဲ့ အကြောင်းနဲ့ ဒီအတွက် ဒီနှစ် နိုဝင်ဘာလလောက်အတွင်း မြန်မာနိုင်ငံမှာ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်သွားမယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတချို့ကို ပြီးခဲ့တဲ့ မေလက ပြန်ပြီး ရုပ်သိမ်းပေးခဲ့တယ်ဆိုတာနဲ့ တကယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက် မလာဘဲ သိသိသာသာ ဆုတ်ယုတ်မှုတွေ ရှိလာရင်တော့ အရေးယူမှုတွေ ပြန်လည် ချမှတ်သွားမှာဖြစ်ပြီး လက် ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့် အကြောင်းတွေကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ (၁၀၁) ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်းပြောဆိုခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ Berne မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အစီအစဉ်တိုင်းဆိုရင် ဆွစ်ဇာလန် လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကိုလည်း ခရီးဆက်ဖို့ ရှိနေသလို အဲဒီကနေ ဗြိတိန်၊ အိုင်ယာလန် နဲ့ ပြင်သစ်နိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။ ဗြိတိန် ပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပေးအပ်တဲ့ လူ့အခွင့်အရေးဆု ကိုတော့ Dublin မြို့မှာ ကမ္ဘာကျော်တေးဂီတအဖွဲ့ U2 က အဆိုတော် ဘိုနိုက ပေးအပ်မှာ ဖြစ်ပါတယ်။
သူ့ရဲ့ ခရီးစဉ်အစ ILO ညီလာခံမိန့်ခွန်းမှာတော့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီးခိုင်မာအောင် အထောက်အကူပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံလိုက်ပါ တယ်။ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရ တဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနိုင်တဲ့ ပြောင်းလဲမှုတွေကိုပါ ဆက်လုပ်စေချင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။