မူးယစ်မှောင်ခိုသူအဖြစ် သံသယရှိသူတွေနဲ့ ထိုင်းစစ်တပ် တိုက်ပွဲဖြစ်

မြန်မာပြည်နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အနီးမှာ ဒီနေ့မနက်အစောပိုင်းက မူးယစ်မှောင်ခို အဖွဲ့တဖွဲ့နဲ့ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားပြီးနောက် မူးယစ်မှောင်ခိုသမား ၈ ယောက်ကို အသေဖမ်း ဆီးရမိခဲ့သလို စိတ်ကြွဆေးနဲ့ စိတ်ကြွဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်း အများအပြားကို ဖမ်းဆီး ရမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က မူးယစ်မှောင်ခိုအဖွဲ့ဟာ မြန်မာပြည်ဘက်က ဝင်ရောက်လာတာလို့ သံသယ ရှိနေပါတယ်။ ရှမ်းပြည်နယ်မူးယစ် ဆေးဝါးစောင့်ကြည့် လေ့လာရေးအဖွဲ့က တာဝန်ရှိသူတဦးကတော့ မူးယစ်ဂိုဏ်းခေါင်းဆောင်နော်ခမ်းကို ဖမ်းဆီး လိုက်ပြီးတဲ့ နောက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် တာတွေက ပိုမိုများပြားလာတယ်လို့ ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ အနီးမှာ ဒီမနက် ၄ နာရီလောက်က တိုက်ပွဲဖြစ်ပွားပြီး မူးယစ်ဆေးသယ်ဆောင်လာသူတွေကို ထိုင်းရဲနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက အသေဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဒီအခင်းဖြစ်ပွားပုံကို မယ်ဆိုင်မြို့က ဒေသတယောက်က အခုလို ပြောပါတယ်။

“အဲဒါက မိုင်းတုံ မိုင်းဆတ်ဘက်က ဝင်တဲ့အဖွဲ့တွေလေ။ အဲဒါက မြို့ရဲ့နောက်ကျောဘက်ကနေ လှည့်ဝင် တာပေါ့။ အရင်တုံးက နော်ခမ်းတို့ အဝင်အထွက်ရှိတဲ့လမ်းပေါ့နော်။ ကျနော်တို့မြို့အဝင်မှာ Tesco Lotus ရှိတာ ကို။ အဲဒီကုန်တိုက်ရဲ့နောက်ကျောဘက်ကရွာ တောင်ခြေမှာပေါ့နော်။ အဲဒီနားမှာဖြစ်တာလေ။ အဲဒီမှာ ရဲနဲ့ ဝင်တိုက်တော့ ဟိုဘက်က ၇ယောက်သေတယ်လို့ သတင်းဝင်တယ်လေ။ မူးယစ်ဆေးဝါးကတော့ တော်တော် ကိုများတယ်။ ဘယ်လောက်အတိအကျဆိုတာတော့ သတင်းမရဘူး။ များတာတော့ တော်တော်ကို များတယ် တဲ့။”

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ အင်တာနက်စာမျက်နှာမှာတော့ ဒီတိုက်ပွဲအတွင်းမှာ မူးယစ်ဆေး သယ်ဆောင်လာသူလို့ ယူဆရသူ ၈ ယောက်သေဆုံးပြီး စိတ်ကြွဆေးချက်ရာမှာ သုံးတဲ့ Ice ခေါ်ဓာတုပစည်း ၇၀ ကီလိုဂရမ်နဲ့ မက်တာ မက်ဖက်တမင်းခေါ် စိတ်ကြွဆေး ၅၅,၀၀၀ ဖမ်းဆီးရမိကြောင်း ဖော်ပြထားပါတယ်။ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့ဟာ မြန်မာပြည်ဘက်က ဝင်ရောက်လာတာလို့ ယူဆကြောင်းလည်း ဖော်ပြပါတယ်။

ထိုင်းအာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ မူးယစ်မှောင်ခိုအဖွဲ့က ဒဏ်ရာရသူ ၄ ယောက်က ထွက်ပြေး လွတ်မြောက်သွားပြီး စိတ်ကြွဆေးနဲ့ဓာတုပစ္စည်းတွေအပြင် သေနတ် ၃ လက်ကိုလည်း ထိုင်းအာဏာ ပိုင်တွေကသိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ မူးယစ်မှောင်ခိုအဖွဲ့ဟာ ဘယ်အဖွဲ့ကဖြစ်တယ်ဆိုတာကို ထိုင်းနိုင်ငံ ဘက်က တရားဝင်ထုတ်ဖော်ပြောဆိုတာမရှိသေးသလို မြန်မာအာဏာပိုင်တွေဘက်ကလည်း တစုံတရာပြောဆို တာ မရှိသေးဘူးလို့ ပြောပါတယ်။

ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ရဲ့ တာဝန်ခံ ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာ ဦးခွန်ဆိုင်း ကတော့ ထိုင်း-လာအိုနဲ့ မြန်မာနယ်နမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသက မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ဖမ်းဆီးပြီးတဲ့နောက်မှာ မူးယစ်ဆေးနဲ့စိတ်ကြွဆေး ရောင်းဝယ်တာတွေဟာ ပိုမို များပြားလာ တယ်လို့ ပြောပါတယ်။

“ထုတ်လုပ်တာကတော့ အရင့်အရင်တည်းက နာမည်ကြီးတဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့တွေ ရှိတယ် ဗျာ။ နောက် အစိုးရကနေ- တပ်မတော်ကနေပြီးတော့မှ ထိန်းချုပ်ထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေရှိတယ်ဗျာ။ သူတို့က ဆက်ပြီးတော့မှ ထုတ်လုပ်နေတယ်။ အရင်တုန်းကဆိုရင် နော်ခမ်းဆီမှာ ငွေမပေးဘဲနဲ့ သွားပြီးတော့ မှ ရောင်းမယ်ဆိုတာ လုပ်လို့ မရဘူးပေါ့ဗျာ။ အဲဒီအချိန်တုန်းက။ သို့သော်လည်းပဲ သူအဖမ်းခံရပြီး နောက်ပိုင်း ကျတော့ မိုက်ကြေးခွဲမယ့်လူ ငွေပေးစရာဘာမှ မလိုတော့ဘူး။ ကိုယ့်ဖာသာကိုယ် လွတ်လွတ်လပ်လပ် ပို့ပေး ရုံပဲပေါ့ဗျာ။ အခုဆိုရင် ပိုပြီးတော့မှ လွတ်လပ်လာတာပေါ့ဗျာ။”

ရွှေတြိဂံဒေသမှာ မူးယစ်ဂိုဏ်းခေါင်းဆောင်အဖြစ်ထင်ရှားတဲ့ စိုင်းနော်ခမ်းဟာ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူသတ်မှုစတာတွေနဲ့ တရုတ်အပါအဝင် ထိုင်း၊လာအိုနဲ့ မြန်မာအစိုးရတွေက အလိုရှိနေခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကတော့ သူ့ကို လာအိုစစ်တပ်က ဖမ်းဆီးပြီး တရုတ်အစိုးရဆီကို လွဲှပြောင်းလိုက် တာ ဖြစ်ပါတယ်။

ဒီလ ၁၁ ရက်နေ့ကတော့ တာချီလိတ်မြို့မှာ စိတ်ကြွဆေးပြား ၁,၇၀၀ ကျော်ဖမ်းဆီးရမိတယ်လို့ မြန်မာ အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ဒီနှစ် ဖေဖော်ဝါရီလအတွင်းကတော့ တာချီလိတ်မြို့နယ် ပါခါးရွာကနေ စိတ်ကြွဆေးပြားပေါင်း ၈သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး UNODC ကတော့ မြန်မာနိုင်ငံဟာ အရှေ့တောင် အာရှမှာ စိတ်ကြွဆေးအများဆုံးထုတ်လုပ်ပြီး ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံး နိုင်ငံအဖြစ် ထုတ်ပြန် ထားပါတယ်။