မီဒီယာဥပဒေကြမ်း စာပေစိစစ်ရေး ရှင်းလင်း

  • မသင်းသီရိ

ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေတဲ့ မီဒီယာဥပဒေမူကြမ်းထဲမှာ စာပေစိစစ်ရေးအဖွဲ့ဟာ လက်ရှိလိုမျိုး စာမူတွေကို စိစစ်ဖြတ်တောက်တာတွေ လုပ်တော့မှာမဟုတ်သလို သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်နိုင်မယ့် အချက်တွေပါဝင်တယ်လို့ စာပေစိစစ်ရေးအဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောလိုက်ပါတယ်။ သတင်း/ဂျာနယ်က အယ်ဒီတာတွေနဲ့ စာပေစိစစ်ရေး အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ တွေဆုံစဉ် အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ဆွေးနွေးချက်တွေနဲ့ ဒီအပေါ် သုံးသပ်ချက်တွေကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြည်တွင်း သတင်း/ဂျာနယ်က တာဝန်ရှိတဲ့ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေနဲ့ စာပေစိစစ်ရေးအဖွဲ့က အကြီးအကဲတွေဟာ ရန်ကုန်က စာပေစိစစ်ရေးရုံးမှာ ဇန်နဝါရီ ၂၅ ရက် ဗုဒ္ဓဟူးနေ့ မနက်က တွေ့ဆုံခဲ့ကြတာပါ။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအဖြစ်နဲ့ စာပေစိစစ်ရေးက ခေါ်ယူခဲ့တဲ့ ဒီတွေ့ဆုံမှုအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတဲ့ သတင်းတွေ ရေးကြရာမှာ စာပေစိစစ်ရေးက ထုတ်ပြန်ထားတဲ့ မူဝါဒတွေထက် ကျော်လွန်ပြီးတော့ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ဂျာနယ်တွေနဲ့ ပတ်သက်ပြီးတော့ နောက် ဒီလိုမျိုး မဖြစ်ကြဖို့အတွက် ခေါ်ယူ ပြောဆိုခဲ့သလို ပြန်ကြားရေးက ရေးဆွဲနေတဲ့ မီဒီယာ ဥပဒေမူကြမ်း ကိစ္စတွေကိုပါ စာပေစိစစ်ရေး အကြီးအကဲတွေက ရှင်းပြခဲ့တယ်လို့ ဒီတွေ့ဆုံမှုအတွင်းမှာ ပါဝင်သူ ရန်ကုန်တိုင်မ်း ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို( စက်မှု) က ပြောပါတယ်။

အထူးသဖြင့် ဒီ မီဒီယာဥပဒေမူကြမ်းမှာ အခန်း ၉ ခန်းပါပြီး ဒီမူုကြမ်းကို လွှတ်တော်မှာ တင်ပြပြီး အတည်ဖြစ်လာပြီဆိုရင် စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍဟာ အခုလိုမျိုးရှိတော့မှာ မဟုတ်ဘဲ သတင်းလုပ်ငန်းတွေကို ပိုပြီးတော့ လွတ်လပ်တဲ့ အခွင့်အလမ်းတွေနဲ့ လုပ်ကိုင်ဖို့တွေ ပါမယ်ဆိုတာကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။

“လွှတ်တော် မီဒီယာ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ် ဆိုတာမျိုး တိုက်တွန်းပါတယ်။ သူဘာပြောသလဲဆိုတော့ - ဒီဥပဒေက သေချာတာတခုကတော့ ခင်ဗျားတို့ကို ဖိနှိပ်ချုပ်ခြယ်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ကို လွတ်လပ်ခွင့်ပေးဖို့ ဆွဲတဲ့ ဥပဒေဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ သူက ဥပမာအားဖြင့်ဗျာ-တဲ့- ဒီ ဥပဒေပေါ်လာရင် ဒီ စာပေ/စာ၊နယ်၊ဇင်း အပေါ်မှာ ကျနော်တို့က ဆင်ဆာဖြတ်ဖို့ မရှိတော့ဘူး၊ ခင်ဗျားတို့ တန်းပြီးတော့ ထုတ်လို့ရပါပြီ။ အခြေခံဥပဒေမှာ ပါပါတယ်-တဲ့။

နောက်တခုက သတင်းရယူရာမှာလည်း ခင်ဗျားတို့ သတင်းအရင်းအမြစ်ကို လျှို့ဝှက်စွာ ထားနိုင်ခွင့်တွေ၊ လွတ်လပ်စွာသတင်းယူပိုင်ခွင့်ကို နှောင့်ယှက်ဟန့်တားမှုတွေ ရှိရင်လည်း အရေးယူတိုင်တန်းတာမျိုး လုပ်နိုင်တဲ့ဟာမျိုးတွေလည်း ပါပါတယ်ပေါ့လေ။ ဒီ ဥပဒေကိုလည်း နိုင်ငံတကာ ဒေသဆိုင်ရာ ဥပဒေတွေကို လေ့လာပြီးတော့မှ ဆွဲတဲ့ အခြေခံဥပဒေမျိုးပါ - လို့တော့ ထည့်သွင်း ပြောသွားပါတယ်ခင်ဗျ”

ဒါ့အပြင် လက်ရှိလုပ်နေကြရတဲ့ အခြေအနေတွေအတွင်း အခက်အခဲနဲ့ လိုအပ်တာတွေ ပြောဆိုကြတဲ့အခါမှာတော့ ရုတ်တရက် ဖြစ်လာတဲ့ အနေအထားတွေအရ ရေးကြရတဲ့ သတင်းတွေကို စာပေစိစစ်ရေး တင်ပြစရာမလိုဘဲ ထုတ်ဝေခွင့် ရှိလာအောင် သူတို့ဘက်က တင်ပြတာတွေရှိတယ်လိ့ု ပြောပါတယ်။

“သတင်းတွေကလည်း အရမ်းမြန်လာတဲ့အတွက်ကြောင့် မို့လို့လေ- နောက်ဆက်တွဲသတင်းတွေကို တင်ခွင့်ပြုဖို့ပေါ့ဗျာ- ဥပမာအားဖြင့် မျက်နှာဖုံးတွေ ဘာတွေက အခြေအနေ အကြောင်း ကြောင်းကြောင့် ပြောင်းလဲပြီး မျက်နှာဖုံး ပြောင်းတင်တဲ့ အခါမျိုးမှာလည်း အဲဒါကို ခွင့်ပြုဖို့ပေါ့။ အဲဒါကို ကျနော်တို့ ဆွေးနွေးကြပါတယ်။

နောက်တခါ အုပ်စု ၁ မှာ ပါပြီးသားဖြစ်တဲ့ အနုပညာသတင်းလိုဟာမျိုး၊ စီးပွားရေးသတင်းလိုဟာမျိုး၊ မှုခင်းသတင်းလိုဟာမျိုုး၊ နောက်တခါ သိပ်ပြီးတော့ sensitive မဖြစ်တဲ့ နိုင်ငံတကာသတင်းလို ဟာမျိုးမှာ သတင်းဂျာနယ်တွေမှာ section တွေအနေနဲ့ ပါပါတယ်။ သတင်းဂျာနယ်တွေမှာ အဲဒီအပိုင်းတွေကို ချန်ပြီးတော့မှပဲ စိစစ်ရေးတင်ဖို့နဲ့ အဲဒီအပိုင်းတွေကို စိစစ်ရေးမဖြတ်ဘဲနဲ့ ခွင့်ပြုဖို့ အဲဒါမျိုးလေးတွေ ကျနော်တို့ တင်ပြပါတယ်။

ကျနော်တို့ တင်ပြချက်ကိုလည်း ဆက်ပြီး ယူသွားပေးမယ်တဲ့၊ ဒီလိုမျိုး ကိစ္စတွေ ဖြစ်နိုင်ခြေရှိပါတယ်-ပေါ့လေ။ တပတ်အတွင်းမှာ အကြောင်းပြန်ပေးပါ့မယ်လို့ ကျနော်တို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကနေ ပြန်ပြောပါတယ် ခင်ဗျ ”

ရန်ကုန်တိုင်းမ်စ် ဂျာနယ်အယ်တီတာချုပ် ဦးကိုကို( စက်မှု)ပါ။

ပြန်ကြားရေးဌာနကသာ ဦးဆောင်ရေးဆွဲနေတဲ့ မီဒီယာ ဥပေဒေမူကြမ်းဟာ လက်ရှိ မြန်မာ့မီဒီယာ သတင်းလုပ်ငန်းတွေထဲ အလုပ်လုပ်နေကြသူတွေရဲ့ သဘောထားတွေ မပါဝင်တာမို့ အတော်လေး ဝေဖန်ပြောဆိုနေသလို ထူးထူးခြားခြား ဥပေဒတရပ် ဖြစ်လာမှာ မဟုတ်ပါဘူးလို့လည်း သတင်းလောကထဲ တွက်ဆနေကြတာရှိပါတယ်။

ဘယ်အချက်တွေ ပါဝင်တယ်ဆိုတာကို ဘယ်သူမှ မသိရသေးပေမယ့် ဒီမူကြမ်းကို လွှတ်တော်အတွင်း တင်ပြလာတဲ့အခါမှာလည်း သုံးသပ်နိုင်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ သတင်း မီဒီယာလုပ်နေသူတချို့ တွေ့ဆုံကာ ပါဝင်သင့်တဲ့ အချက်တွေ ကန့်သတ်မှုမျိုး မဖြစ်သင့်တဲ့ အချက်တွေကို ဆိုတာမျိုး ဆွေးနွေးတာတွေ ရှိပါတယ်။

ဒီကနေ့ စာပေစိစစ်ရေး အကြီးအကဲတွေပြောဆိုတဲ့အထဲ အရင်ကနဲ့မတူဘဲ မူဝါဒ ကန့်သတ်မှုတွေကို လျှော့ေပေးထားပါတယ်ဆိုတဲ့အပေါ် ပြည်တွင်း သတင်းအယ်တီတာ တဦးသုံးသပ်တာကတော့ -

“လုပ်ရကိုင်ရတာ ပြောမယ်ဆိုရင် အရမ်းခက်ပါတယ်။ ဘာကြောင့်ခက်သလဲဆိုတော့ သူတို့ ပိုပြီးတော့မှ ရေးသားခွင့်ပြုလာတာရှိတယ်။ သူတို့ကတော့ ပြောတာပေါ့နော်- မူဝါဒပိုင်းဆိုင်ရာ လျှော့ပေါ့မှု ဆိုတဲ့ဟာ သူတို့ဆီမှာ ဘာမူဝါဒလဲ ဆိုတာ သေသေချာချာ ချထားပေးတာ မရှိကို မရှိဘူးခင်ဗျ။

အဲဒီလို မရှိတဲ့အခါကျတော့ စိစစ်ရေးမှူးတယောက်က တမျိုးစစ်တယ်၊ နောက်တယောက်က တမျိုးစစ်တယ်။ အဲဒီသဘောမျိုးတွေ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ လုပ်ရကိုင်ရတာ အရမ်းခက်ပါတယ်။ ဒီဥစ္စာက - စိုးရိမ်သောကနဲ့ ကြောက်ရွံ့ပြီးတော့မှ လုပ်နေရတယ်ဆိုရင်တော့ ဒါဟာ ဆင်ဆာအဖွဲ့ကို ကြိုပြီး တင်ရသည်ဖြစ်စေ၊ မတင်ရသည်ဖြစ်စေ ဘာမှ မထူးဘူးလို့တော့ ထင်တာပဲ”

သတင်းအယ်တီတာတဦးရဲ့ သုံးသပ်ချက်ပါရှင်၊ နောက်ပိုင်း မြန်မာနိုင်ငံမှာ ထုတ်ဝေပြီးမှ တင်ပြရတဲ့ ထုတ်/တင်စံနစ်ကို ပြောင်းမယ်လို့ပြောနေပေမယ့် စာပေစိစစ်ရေးက ဒီ ထုတ်/တင်ဂျာနယ်တွေအပေါ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေအရ ငွေဒဏ်အပြင် တရားစွဲဆိုမှုတွေနဲ့ပါ ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့ အချက်တွေပါဝင်တာမို့ သတင်းလောကသားတွေအတွက် ပိုပြီး အန္တရာယ်ကြီးလာမယ်လို့လည်း ပြောဆိုသုံးသပ်တာတွေ ရှိနေပါတယ်။