NLD ကြားဖြတ်ရွေးကောက်ပွဲ ရပ်တည်ချက်ထုတ်ပြန်

  • မသင်းသီရိ

NLD ကြားဖြတ်ရွေးကောက်ပွဲ ရပ်တည်ချက်ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးဖို့နဲ့ ငြိမ်းချမ်းရေးအတွက်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစံနစ်နဲ့မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်တာတွေလုပ်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။

NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘေထားကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်တဲ့အထဲ အခုလို ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်ကို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံ တင်ပြပေးထားပါတယ်။

၂ဝ၁၂ ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာကြောင့် အခုလိုရွေးကောက်ပွဲကို ဝင်တာလဲဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကို ဖေဖော်ဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ အချက် (၃) ချက်ပါဝင်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖဲ့ွဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

“NLD ဘာကြောင့် ရွေးကောက်ပွဲဝင်ရသလဲ ဆိုတဲ့ manifesto ကို တပြည်လုံးသိအောင် ကြေညာလိုက်ပါပြီ။ ရည်ရွယ်ချက် (၁) ကတော့- ဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ Rule of Law ပါ။ နောက်တခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ပြည်တွင်း စစ်မီးတွေ အကုန်လုံး ငြိမ်းသွားပြီးတော့ ငြိမ်းချမ်းရေးရဖို့ ဖြစ်ပါတယ်။ နံပါတ် (၃) အချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်တဲ့ ရည်မှန်းချက်ကို ဖြည့်ဆီးပေးနိုင်လောက်တဲ့အထိ ပြုပြင်စရာ ရှိတာတွေကို ပြုပြင်ပစ်ဖို့ ဖြစ်ပါတယ်”

NLD ပါတီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထွက်လာကတည်းက ဒီဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အချက်တွေပါဝင်တယ်လို့ ထောက်ပြ ဝေဖန်ထားတာဖြစ်သလို ဒီလိုအချက်တွေထဲက (၁၂) ခုလောက်ကို အဓိက ထောက်ပြထားဖူးပါတယ်။

နိုင်ငံမှာ ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ အချက်အပြင် ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းထောက်ခံမှုရှိရမယ်ဆိုတဲ့ အချက်တွေနဲ့အတူ လွှတ်တော်ထဲမှာ တပ်မတော် ၂၅ ရာခိုင်နှုန်းပါဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ အခု NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်ရင် ဒီ ၂ဝဝ၈ ဖွဲစည်းပုံကို ပြင်ဖိ့ု လွယ်ကူနိုင်ပါ့မလား၊ ဘယ်လိုအခက်တွေရောရှိလာနိုင်ပါသလဲ။

“သမားရိုးကျ တွက်နည်းနဲ့ တွက်ရင်တော့ဖြင့် ဒါ- ကျနော်တို့ဟာ အရာမထင်ဘူးလို့ ပြောလို့ ရပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အားကိုးတာက တခုပါ။ တခုက ကျနော်တို့ခေါင်းဆောင်ဆိုတာက ပြည်သူလူထု ခေါင်းဆောင်ဖြစ်ပါတယ်။ ပြည်သူလူထု တရပ်လုံးက လေးစားကြည်ညိုတဲ့ခေါင်းဆောင် ဖြစ်ပါတယ်။ ပြီးတော့လည်း နိုင်ငံတကာကလည်း လေးစားကြည်ညိုတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးစွမ်းအားဟာ အမှန်အကန် ပြည်သူလူထုအတွက် အကျိုးရှိနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ဝိုင်းရံပံ့ပိုးမှုတွေ ရလာမယ်။

နောက်တခုကလည်း တကယ် စစ်မှန်တဲ့ ဒီမိုကရေစီကို သွားမယ်သာ ဆိုရင်တော့ဖြင့် ဒါက အကုန်လုံး၊ ဘယ်သူမဆို တပ်မတော်သားတွေရော ဘာတွေရော ဖွဲ့စည်းပုံအခြေခံကို လေ့လာကြည့်လိုက်ရင် အဲဒီဖွဲ့စည်းပုံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို နောက်လာနောက်သားတွေကို တကယ် အမွေပေးရစ်ခဲ့ချင်တယ်ဆိုရင် ပြုပြင်စရာရှိတယ်ဆိုတာ ဓမ္မဓိဌာန်ကျကျ တွေးလိုက်ရင် မြင်ပါတယ်။ အဲဒါကြောင့်လည်းပဲ ကျနော်တို့က ပြုပြင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ။

၄၈ နေရာက ဘာဖြစ်မှာလဲလို့ ဒီလိုပြောလို့တော့ မရပါဘူး။ ဒါ- ပုံသေကားချ ပြောနည်းပါ။ တကယ့်တကယ်သာ ကြိုးစားပမ်းစား လုပ်မယ်ဆိုရင် လူတယောက်သည်ပင်လျှင် လူ့အဖွဲ့အစည်းတခုလုံး ကောင်းကျိုးကို ဆောင်နိုင်သလို လူ့အဖွဲ့အစည်းတခုလုံးကို လှုပ်ခတ်သွားအောင် လုပ်နိုင်ပါတယ်။ တကယ့်ကို စေတနာထားပြီးတော့ ကိုယ်ကျိုးစွန့်လွှတ်ပြီးတော့ အမြော်အမြင်ရှိရှိ ဆောင်ရွက်မယ့် လမ်းစဉ်ဖြစ်တဲ့အတွက်ကြောင့် အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျ”

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လစ်လပ်နေရာ ၄၈ လုံးကို -ဝင်ပြိုင်မယ့် NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးအဖြစ် နယ်ဘက်တွေကို ခရီးထွက်တာတွေရှိသလို ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း သူဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို သွားဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ ဦးအုန်းကြိုင်က-

“သေချာသလောက်ရှိပြီလို့ ပြောချင်ပါတယ်။ အဲဒီရက်က မဲဆွယ်ကာလတွေ ရောက်ပြီလေ။ သူက ပြောထားတာက သူ့ရဲ့ မဲဆန္ဒနယ်မြေကိုတော့ ရွေးကောက်ပွဲမတိုင်မီ ၃ ကြိမ်လောက်တော့ ရောက်ချင်တယ်လို့ ပြောတာကိုး။ အဲတော့ ဒါ ပထမဆုံး trip (ခရီး) ဖြစ်မှာပေါ့ဗျာ။ ကချင်ပြည်နယ်ဘက်လည်း သွားဖို့ ရှိပါတယ်။ ရှမ်းပြည်နယ်ဘက်လည်း သွားဖို့ ရှိပါတယ်။ နောက် စစ်ကိုင်းတို့၊ မကွေးတို့၊ မန္တလေးတို့လည်း သွားဖို့ စီစဉ်ထားပါတယ် ခင်ဗျ”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။ အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတွင်း လူထုကို ပြောဆိုခဲ့တဲ့ သူရဲ့မိန့်ခွန်းတွေထဲမှာ ရွေးကောက်ပွဲ ဝင်ရတဲ့အချက်တွေကို ရှင်းပြတာတွေလုပ်ခဲ့သလို ပြည်သူလူထု အတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်သင့်တယ်လို့ ယုံကြည်ထားတယ်လို့လည်း ပြောထားပါတယ်။