မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာဟာ သမိုင်းတွင်မယ့် ဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Vijay Nambia က ပြောလိုက်ပါတယ်။ လုံခြုံရေးကောင်စီဝင် တချို့ကတော့ တိုင်းရင်းသားဒေသ တချို့မှာ ပဋိပက္ခတွေ ဆက်ပြီးရှိနေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီ ဆက်ရှိနေတဲ့အပေါ်မှာ စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအကြောင်း ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးအပြီးမှာ လုံခြုံရေး ကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဇန်ရိုက်စ် က မစ္စတာ နမ်ဘီးယားရဲ့ တင်ပြချက်တွေနဲ့အတူ ဆွေးနွေးခဲ့ကြတဲ့ အကြောင်းတွေကို အခုလို သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“အထူး ကိုယ်စားလှယ် Vijay Nambia က ရှင်းလင်း တင်ပြထားပါတယ်။ ဧပြီတစ်ရက် ကြားဖြတ် ရွေးကောက်ပွဲဟာ ပွင့်လင်း မြင်သာမှု ရှိတယ်။ ဖြောင့်မတ်မှန်ကန်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။ မသမာမှု အသေးအမွှားတွေ ရှိခဲ့ပေမယ့် အဲဒါ တွေဟာ ရွေးကောက်ပွဲ ရလဒ်အပေါ် မထိခိုက်စေခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ အရွေးခံခဲ့ရတာဟာ ဘက်ပေါင်းစုံ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့အတွက် သမိုင်းတွင်မယ့် အခွင့်အလမ်း ပေါ်ထွက်စေခဲ့တယ်လို့လည်း မစ္စတာ Vijay Nambia က လုံခြုံရေး ကောင်စီကို ရှင်းပြပါတယ်။