ရေးရာကော်မတီတွေ အဆင့်နှိမ့်ချမှု ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ ဖွဲ့စည်းထားတဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မရှိဘူးဆိုပြီး ဖွဲ့စည်းပုံ အခြေခံဆိုင်ရာ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လုပ်ပိုင်ခွင့်လွဲနေတယ်လို့ ဥပဒေ ကြမ်းကော်မတီ က ကန့်ကွက် ထောက်ပြ လိုက်ပါတယ်၊ ဧပြီလ ၂၄ ရက် အဂ်ါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အတွင်း ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာတစောင် တင်ပြခဲ့တာလည်း ဖြစ်ပါတယ်၊ ဒီအခြေအနေ အပြည့်အစုံ ကိုတော့ မသင်းသီရိက ဆက်ရှင်းပြပေးမှာပါ၊

ဧပြီလ ၂၄ ရက်အင်္ဂါနေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်တွင်း အစည်းဝေးထဲမှာ လွှတ်တော်နှစ်ရပ် ရဲ့ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌက ဖွဲစည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးရဲ့ မတ်လ ၂၈ ရက်နေ့က ဆုံးဖြတ်ချက်ကို၊ အစီရင်ခံစာ တစောင် တင်ပြီး ပြန် ထောက်ပြခဲ့တာဖြစ်ပါတယ်၊ လွှတ်တော် ၃ရပ်စလုံးမှာ ဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာ ကော်မတီ တွေနဲ့ ကော်မရှင် တွေဟာ ပြည်ထောင်စုအဆင့်မရှိဘူးဆိုပြီး ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်ချက် ချထားတာကြောင့် ဖြစ်ပါတယ်၊

ဒီရေးရာကော်မတီတွေနဲ့ ကော်မရှင်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပါ ပြဋ္ဌာန်းချက်နဲ့ အညီ ဖဲ့ွစည်း ထားတာ ဖြစ်ပြီး ဖွဲစည်းပုံခုံရုံးဟာလည်း လုပ်ပိုင်ခွင့်နဲ့ လွှဲချော်ပြီး ဆုံးဖြတ်ထားတယ် ဆိုတာကို ဥပဒေမူကြမ်း ကော်မတီက အစီရင်ခံစာ ပြန်တင်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော် ပြည်သူ့ငွေ စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် က ပြောပြပါတယ်။

- ကျနော်တို့ ဥပဒေကြမ်းကော်မီတီရဲ့ အစီရင်ခံစာထဲမှာတော့ ဒီဟာကို လုပ်ပိုင်ခွင့် မရှိဘဲနဲ့ လုပ်တယ် လို့ ရေးထားပါ တယ်။ ဥပဒေကြမ်းကော်မတီကတော့ နိုင်ငံတော်အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ က ထုတ်ပြန်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေတို့၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ တို့၊ ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေတို့၊ စာရင်းစစ်ချုပ် ဥပဒေတို့၊ ရှေ့နေချုပ် ဥပဒေတို့၊ အဲဒီ အားလုံးထဲမှာ ပြည်ထောင်စုအဆင့် ဖွဲ့စည်း ဖြစ်ပြီဆိုတာ ပါပြီးသားဖြစ်တဲ့အတွက် မညီဘူး ဆိုတာ ကို ပြန်ပြောတာပါ။

ဒီ လွှတ်တော်ရေးရာ ကော်မတီနဲ့ ကော်မရှင်တွေကို ပြည်ထောင်စုအဆင့် ရှိမရှိ စစ်ဆေးပေးဖို့ိ ကိုတော့ နိုင်ငံတော် သမ္မတရုံး ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဖွဲ့စည်းပုံ အခြေခံခုံရုံးကို စစ်ဆေးပေးဖို့ တင်ခဲ့တာလည်း ဖြစ်ပါတယ်၊ ဘာကြောင့် စစ်ဆေးပေးဖို့ တင်တာလို့ မြင်ပါသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးသူရိန်ဇော်က

- အဲဒါတော့ သူတို့ပဲ သိမှာပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးက ဟိုဘက်က ပြင်လိုက်လို့ သူတို့က အဆုံးအဖြတ် ပေးတာပေါ့လေ။ ဒါပေမဲ့ အဓိက ကတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြင်ဆင်တာ ဖြည့်စွက်တာ၊ အသစ်ပြန်လည် ရေးဆွဲတာတွေက ပြည်ထောင်စု လွှတ်တော်နဲ့ အဓိက ဆိုင်ပါတယ်။

အထုူးသဖြင့်ကတော့ နိုင်ငံတော် သမ္မတက တိုက်ရိုက်ဖွဲ့စည်းထားတဲ့ အဖွဲ့စည်းတွေကလွဲလို့ ကျန်တဲ့အဖွဲတွေ ဟာ ပြည်ထောင်စုအဆင့် မရှိဘူးလို့ သတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုဖြစ်တာမို့ အစိုးရလုပ်ငန်းတွေကို စောင့်ကြည့် တည့်မတ်ပေးရေး ကိစ္စတွေမှာ အဆင့်မတူဘူးဆိုပြီး ကန့်သတ်ချက်တွေ ရှိလာနိုင်ပါတယ်၊ ဒါပေမဲ့ အခု ပြည်ထောင်စု လွှတ်တော်တွင်းမှာ အမတ်တွေက ဒီဆုံးဖြတ်ချက်ပေါ် ပြန်လည် ဆွေးနွေးကြဖို့ စီစဉ်နေကြပြီ ဖြစ်ပါတယ်။

- အဲဒီအစီရင်ခံစာကို ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ရှိပါတယ်။ အမည် စာရင်း တောင်းထား ကြပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ ပြန် ဆွေးနွေးမှာပါ။ နာယက ကိုယ်တိုင် တောင်းတာပါ။ အဲဒီတော့ အမည်စာရင်းပေးပြီးရင် ဒါကို သူတို့ အစီရင်ခံစာပေါ်မှာ အားလုံးပြန်ပြီး ဆွေးနွေးကြမှာပါ။ အဖြေကတော့ ဆွေးနွေးပြီးတဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်။ ကျနော်တို့ ပြောလို့မရပါဘူး။ အားလုံးဝိုင်းပြီး ဆုံးဖြတ်ကြမှာပါ၊ ဘယ်လို လုပ်မယ် ဆိုတာကို ပေါ့လေ။

ပြည်သူလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် ပြောပြတာပါ၊ ဒီသတင်းအပြင်လည်း မတ်လ (၂၃) ရက်နေ့ထုတ် Hot News ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်ရဲ့ အင်တာဗျူး နဲ့ ပတ်သက်လို့လည်း လွှတ်တော် အခွင့်အရေး ကော်မတီက ဆက်လက် ဆောင်ရွက်ပေးဖို့ လွှတ်တော်အမတ်တွေ စုပြီး လက်မှတ်ထိုးကာ ဒီကနေ့ ထပ် တောင်းဆို ထားတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကလည်း ပြောပြပါတယ်။

- မတ်လ ၂၃ ကပေါ့၊ ဦးမြင့်လှိုင်ရဲ့ Hot News ဂျာနယ်မှာ ပြောထားတဲ့အချက်တွေကို လွှတ်တော် ကိုယ်စားလှယ် တွေက မခံမရပ်နိုင်ဖြစ်ပြီးတော့ ဒါဟာ လွှတ်တော်ကို အသရေဖျက်ပါတယ်၊ ဂုဏ်သိက္ခာ ညှိုးအောင် ပြုလုပ်ပါတယ်၊ ဝန်ကြီး တယောက် ရဲ့ ကိုယ်နှုတ်စိတ် စောင့်စည်းမှု မရှိဘဲ ပြောဆိုတဲ့ အတွက် ပြင်းထန်စွာ ရှုတ်ချတယ်ဆိုတဲ့ အကြောင်း နဲ့ ဒီဝန်ကြီးအနေနဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြား နဲ့ သတင်းစာတွေကနေ တရားဝင် ဝန်ချတောင်းပန်ဖို့ တောင်းဆိုထားတာ ရှိပါတယ်။ အဲဒါက ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် အခွင့်အရေး ပူးပေါင်းကော်မတီကို တောင်းဆို ထားတာပါ။ အဲဒါ ဒီနေ့ ထက်ထိ ဘာမှ အဖြေထွက်မလာတဲ့အတွက် ဒီနေ့ပဲ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် တွေ အကုန်လုံးက အဲဒီပေါ်မှာ လက်မှတ်ရေးထိုးပြီးတော့ ပြန် တောင်းဆိုတာပါ။ တကယ်လို့ အဲလို တောင်းပန်ခြင်း မပြုဘူး ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြခံ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ ဖောက်ဖျက် တာ၊ ပြီးတော့ ပြည်သူ့ လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကို စော်ကားကျူးလွန်မှု ပြုတာတွေကြောင့် တရားဥပဒေအရ အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ တောင်းဆိုချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း ပြောပြခဲ့တာပါ၊ ပြည်ထောင်စုလွှတ်တော်ကို လာမယ့် ဧပြီလ ၂၆ ရက် ကြာသပတေးနေ့မှာ ထပ်မံကျင်းပမှာ ဖြစ်ပါတယ်၊