ကချင်ပြည်နယ် လွှတ်တော်အနီး ဗုံးကွဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဆေးရုံအနီး၊ လမ်းဒေါင့်မှာ ဒီကနေ့ ဗုံးတလုံးပေါက်ကွဲခဲ့တာကြောင့် လူသုံးယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် အစည်းအဝေးတွေ ပြန်လည်စတင်ကျင်းပတဲ့ နေ့မှာပဲ လွှတ်တော်ရုံးနဲ့ ပေငါးရာ အကွာလောက်မှာပဲ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ ဒီ ဗုံးကွဲမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက စုံစမ်းနေဆဲ ဖြစ်တယ် ဆိုတာကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီကနေ့ မနက် ဗုံးပေါက်ကွဲတာကတော့ မြစ်ဆုံဘက် သွားရာ ဆွမ်ပရာဘွမ်လမ်းနဲ့ ရုံးကြီးလမ်းဆုံရာ ဆေးရုံဘက်အခြမ်း လမ်းဒေါင့်က ယာဉ်ထိန်းရဲဂိတ်အနီး ပလက်ဖောင်းမှာ ပေါက်ကွဲ ခဲ့တာ ဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဒေသခံတယောက်က အခုလို ပြောပါတယ်။

“၇ နာရီမိနစ် ၂၀၊ ဆေးရုံလမ်းဒေါင့်မှာ ဟုတ်တယ်။ လူကြီးတယောက်နဲ့ ကလေးတယောက် ဒဏ်ရာ ရတယ် ဒါပဲ ကြားတယ်။”

အခြားဒေသခံတယောက်ကတော့ သုံးယောက် ဒဏ်ရာရတယ်လို့ ပြောပါတယ်။

“အထိအခိုက်က သုံးယောက်ထိတယ်လို့ ပြောတယ်။ အသေအပျောက်တော့ မရှိဘူး။ သုံးယောက် ဒဏ်ရာ ရတယ်လို့ ပြောတယ်။”

မြစ်ကြီးနားမြို့က စာနယ်ဇင်းသမား တယောက်ကတော့ ဗုံးပေါက်ကွဲချိန်မှာ လမ်းပေါ် ဖြတ်သန်းသွားလာ နေတဲ့ အမျိုးသား နှစ်ယောက်နဲ့ မိန်းကလေးငယ် တယောက် ဒဏ်ရာရပြီး ခွဲစိတ်ဆောင်မှာ ကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

အရင်က မြစ်ကြီးနားမြို့မှာ ဗုံးပေါက်ကွဲတယ်ဆိုရင် ညပိုင်းတွေမှာသာ ပေါက်ကွဲတတ်တာများပြီး ဒီ တကြိမ်ဟာ လူအသွားအလာရှိတဲ့ မနက်ခင်းပိုင်းမှာ ပထမဆုံးပေါက်ကွဲတာလည်း ဖြစ်တယ်။ ဒီကနေ့ ညနေပိုင်း အထိတော့ ဗုံးခွဲတဲ့ လက်သည်တရားခံကို ဖော်ထုတ်နိုင်တာ မကြားရသေးကြောင်း သူက ပြောပါတယ်။ ဒီကနေ့ ဗုံးပေါက်ကွဲမှုကတော့ ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေချိန်နဲ့လည်း တိုက်ဆိုင်နေပြီး ဗုံးပေါက်ကွဲတဲ့နေရာဟာပြည်နယ်လွှတ်တောရုံးနဲ့ ပေ ၅၀၀ အကွာလောက်မှာ ဖြစ်ပါတယ်။

ဒေသခံတွေကတော့ ဒီကနေ့ ဗုံးပေါက်ကွဲတာဟာ ယာဉ်ထိန်းရဲ ဂိတ်အနီးမှာ ဖြစ်တာကြောင့် ည အချိန်တည်းက ထောင်ထားတဲ့ ချိန်ကိုက်ဗုံးဖြစ်မယ်လို့လည်း တွက်ဆနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့က ရဲစခန်းနဲ့ ဆေးရုံကို ဆက်သွယ်မေးမြန်းရာမှာတော့ တစုံတရာ ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

ကချင်ပြည်နယ်အတွင်းမှာတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တွေ အကြားမှာ တိုက်ပွဲတွေ ပြန်လည်စတင်နေတာ ခုဆိုရင် ၁၁ လ နီးပါး ရှိလာပြီဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေပြန်လည် စတင်ခဲ့တဲ့နောက်မှာ ကချင်ပြည်နယ်အတွင်း ဗုံးပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့၊ ညပိုင်းမှာလည်း မြစ်ကြီးနားမြို့အထွက် မီးရထား သံလမ်းမှာ ဗုံးတလုံးပေါက်ကွဲခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပါဘူး။